ဖားကန့် ၆ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ ရှမ်းစု-မူလွန်ကျောင်း၊ ဖားပြင်-အ.ထ.က(ခွဲ) ကျောင်းနှင့်မနကျေးရွာ (အ.မ.က) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ(၆၀ဝ)ရာကျော်၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား မိဘများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန တို့ပူးပေါင်းလျက် ယခုလ ပထမပတ်အတွင်း နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုနှင့်တိုင်းရင်းဆေးကုသခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လစဉ်ပထမပတ်အတွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်း လုပ်ငန်းများ၊ တိုင်းရင်းဆေးကုသခြင်းလုပ်ငန်းများအား ဌာနနှစ်ခုပူးပေါင်း၍ နယ်လှည့် ဆောင်ရွက်လျက်ရှိရာ ယခုလအတွက် အဆိုပါကျောင်းများတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးအရာရှိ ဆရာဦးကျော်လေးက ကျန်းမာရေးနှင့်ပတ်သက်သောအသိပညာများဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးတာလင်းမောင်က ဒေသတွင်းကြုံတွေ့ရလေ့ရှိသည့် ရေဘေး၊ မြေပြိုဘေးဆိုင်ရာ အသိပညာများ ဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဌာနနှစ်ခုမှဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအား တိုင်းရင်းဆေးဖြင့် စမ်းသပ်စစ်ဆေးကုသပေးခြင်းတို့ဆောင်ရွက်ချိန်တွင် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ ရေဘေး၊ မြေပြိုဘေးနှင့် လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်း ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


