၆ စက်တင်ဘာ 

 

သြစတြီးယားနိုင်ငံ မြို့တော် ဗီယားနားမြို့ဟာ ကမ္ဘာမှာ နေလို့အကောင်းဆုံးမြို့အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း The Economist Intelligence Unit (EIU) ရဲ့ နှစ်ပတ်လည်ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

ဒုတိယနေလို့အကောင်းဆုံးမြို့က မဲလဘုန်း (သြစတေးလျ)ဖြစ်ပြီး  ဆစ်ဒနီ (သြစတေးလျ)၊ အိုဆာကာ (ဂျပန်) တို့က တတိယ၊ စတုတ္ထ နေရာ အသီးသီးရယူထားပါတယ်။ 

 

နှစ်စဉ် နိုင်ငံပေါင်း ၁၄၀ ကို  အမှတ်ပေါင်း ၁၀ဝ ပေးပြီး လူနေထိုင်မှု အဆင့်အတန်း၊ ရာဇဝတ်မှု၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်၊ ပညာရေးနဲ့ ကျန်မာရေးစောင့်ရှောက်မှု၊ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေနဲ့ အကဲဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

 

ဗီယားနားမြို့ဟာ အများသုံး သယ်ယူပို့ဆောင်ရေး၊ ရေသန့် သောက်ရေတိုင်များ တပ်ခြင်းထားခြင်း၊ ယဉ်ကျေးမှု စုံလင်တဲ့လူအများအပြား နေထိုင်ခြင်းဟာ အမှတ် ၁၀ဝ မှာ ၉၉ ဒသမ ၁ ရရှိပြီး ပထမနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ 

 

ကမ္ဘာမှာ နေလို့ကောင်းတဲ့ မြို့တွေ အများအပြားဟာ ဥရောပ မြောက်ပိုင်းက နိုင်ငံတွေနဲ့ အနောက်အမေရိက နိုင်ငံတွေမှာ တည်ရှိကြကြောင်း EIU ကပြောပါတယ်။ ထိပ်ဆုံးမှာရှိတဲ့ မြို့ ၂၀ စာရင်းမှာ ဥရောပနိုင်ငံများက ရှစ် မြို့ပါဝင်ပီး ကျန်တဲ့ မြို့တွေကတော့ ဂျပန်၊ သြစတေးလျ၊ နယူးဇီလန် နဲ့ ကနေဒါနိုင်ငံတွေမှာ တည်ရှိပါတယ်။ 

 

ပြင်သစ်နိုင်ငံမြို့တော် အလင်းမြို့တော်လို့အမည်တွင်တဲ့ ပဲရစ်မြို့က အဆင့်ခြောက်ကနေ ၂၅ အဆင့်ထိ ဆင်းသွားကြောင်း သိရပါတယ်။ ပဲရစ်မြို့က အဝါရောင် အပေါ်ဝတ်အင်္ကျီလှုပ်ရှားမှုကြောင့် အခုလို အဆင့်ကျသွားခြင်းဖြစ်ပါတယ်။ 

 

လန်ဒန် နဲ့ နယူးယောက်မြို့တွေက အဆင့် ၄၈ နဲ့ ၅၈ အသီးသီးမှာ ရှိနေတာကို တွေ့ရပါတယ်။ ဒီမြို့တွေမှာ ရာဇဝတ်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြားမှာ ရုန်းကန်နေရတဲ့အတွက် ဖြစ်ပါတယ်။ 

 

ကမ္ဘာမှာ နေလို့အကောင်းဆုံးမြို့ ၁၀ မြို့မှာ


၁။ ဗီယားနား (သြစတြီးယား) 
၂။ မဲဘုန်း (သြစတေးလျ)
၃။ ဆစ်ဒနီ (သြစတေးလျ) 
၄။ အိုဆာက (ဂျပန်) 
၅။ ကားဂရီ (ကနေဒါ)
၆။ ဗင်ကူးဘား (ကနေဒါ)
၇။ တိုရန်တို (ကနေဒါ)
၈။ တိုကျို (ဂျပန်)
၉။ ကိုဖန်ဟေဂင် (ဒိန်းမတ်)
၁၀။ အယ်ဒါလာဒီ (သြစတေးလျ) တို့ဖြစ်ပါတယ်။ 

 

ကမ္ဘာမှာ နေလို့ မကောင်းဆုံးမြို့ ၁၀ မြို့မှာ


၁။ဒမတ်စကတ် (ဆီးရီးယား)
၂။လာဂို့စ် (နိုင်ဂျီးရီးယား)
၃။ဒါကာ (ဘင်္ဂလားဒေ့ရှ်)
၄။ထရိုပိုလီ (လစ်ဗျား)
၅။ကာရာချီ (ပါကစ္စတန်)
၆။ ပေါ့ဒါ မော်ရီစဘီ (ပါပူအာ နယူးဂီနီ)
၇။ ဟာရာဟား (ဇင်ဘာဘွေ)
၈။ဒူအာလာ (ကမ်မရွန်း)
၉။ အယ်ဂျီယား (အယ်ဂျီးရီးယား)
၁၀။ ကရာကတ်စ် (ဗင်နီဇွဲလား) တို့ဖြစ်ပါတယ်။ 


MDN
ကိုးကား - AFP