နေပြည်တော် ၆ စက်တင်ဘာ
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မန္တလေးတက္ကသိုလ်တွင် ဆောက်လုပ်နေသော Food Court လုပ်ပိုင်ခွင့် ကိစ္စနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှု မရှိခြင်းကို စစ်ဆေးသွားမည်ဟု ယနေ့မနက်ပိုင်းက ဝန်ကြီးဌာနတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ Food Court တွင် လုပ်ပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးရန်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်တို့ ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က မနက်ဖြန် နံနက်ပိုင်းတွင်စတင်ပြီး စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။
မန္တလေးတက္ကသိုလ်တွင် သုတေသနစာတမ်းဖတ်ပွဲများနှင့် နိုင်ငံတကာညီလာခံများ ဆောင်ရွက်ရာတွင် တက်ရောက်လာသူများအတွက် ဧည့်ခံစားသောက်မှု အဆင်ပြေစေရန် Food Court တစ်ခု ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသည်။
အသစ်ဖွင့်လှစ်မည့် Food Court တွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ၂-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ ကျင်းပခဲ့သော မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့ (ဗဟို) welcoming conference အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကို နှုတ်ဖြင့်တင်ပြခဲ့သည်။
MDN


