ရေးသားသူ Dr. Sandar Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀ဝ ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါးခြင်းများ ဖြစ်ပါက သင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထိုပြဿနာများကို အောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။


ဆံပင်ထိန်းသိမ်းမှု အလေ့အထကို ပြုလုပ်ပါ။


ဆံပင်ကို စနစ်တကျ ထိန်းသိမ်းခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ်တာ နည်းလာနိုင်ပါတယ်။


အရေပြားဆိုင်ရာ ပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦးရေပြားကို နှိပ်နှယ်၍ လျှော်ပါက ဆံသားပျက်စီးခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ထို့နောက် ဆံသားကို မပွတ်ဘဲ ရေဆေးပြီးနောက် ပျော့ဆေးကို အသုံးပြုနိုင်ပါသည်။


ဦးရေပြားကိုဆေးလိမ်းပါ။


Minoxidil (Rogaine) ဟုခေါ်သော လိမ်းဆေးသည် အမျိုးသမီးများတွင်ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေပြီး ဆံပင်သန်စေပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲ ရပ်လိုက်လျှင်တော့ အာနိသင်ပြမှာ မဟုတ်ပါဘူး။


ဆံပင်ကျွတ်ခြင်းဟာ ခေတ္တခဏဖြစ်သည်ဆိုတာ နားလည်ပါ။


ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ်။ နေမကောင်းချိန်၊ မီးဖွားချိန်နှင့် စိတ်ဖိစီးမှုများချိန်များတွင် ဆံပင်အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင်ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက် ပြန်ပေါက်နိုင်တာကို သိထားသင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။


အရေပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။


ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကို ရှာမတွေ့လျှင် သင့်လျော်သော ကုသမှုခံယူနိုင်ရန် အရေပြား ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။


ကျန်းမာရေးနှင့်သင့်လျော်သော အစားအသောက်ကို စားသုံးပါ။


ကျန်းမာရေးနှင့်သင့်လျော်သော အစားအစာကို စားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သော ဓာတုပစ္စည်းများကို လျော့နည်းစေနိုင် ပါတယ်။ ဆီကြော်မုန့်များ၊ အနီရောင်ရှိသော အသား၊ အာလူး၊ pasta၊ အသင့်စားခေါက်ဆွဲနှင့် အချိုမှုန့်များသည်ဆံပင်ကျွတ်စေနိုင်ပါတယ်။ ထို့ပြင် သကြား၊ ချော့ကလက်၊ ရေခဲမုန့်နှင့် အချိုရည် များသည် လည်းဆံပင်ကျွတ်စေနိုင်သောကြောင့် လျှော့စားသင့်ပါတယ်။


ဆံပင်ကျွတ်ရခြင်း အကြောင်းအရာများစွာ ရှိပါတယ်။  ထိုအခြေအနေများကို ဖြေရှင်းရန် နည်းလမ်းမတွေလျှင်တော့ အရေပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါ သင့်ကိုဘယ်လိုလုပ်သင့်ကြောင်း အကြံဉာဏ်များ ပေးပါလိမ့်မည်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”