နေပြည်တော် ၆ စက်တင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak နှင့် ယနေ့နံနက် ၁၀ နာရီတွင်နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ရောက်ရှိနေသော မြန်မာအလုပ်သမားများအား EC စာချုပ်ပါအတိုင်း သတ်မှတ်ကာလပြည့်၍ မြန်မာနိုင်ငံသို့ပြန်လည် ထွက်ခွာပါက ဝင်ရောက်လုပ်ကိုင်ခဲ့သည့် လုပ်ငန်း၏ အလုပ်ရှင်မှ လုပ်ငန်းနှင့် ပတ်သက်၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ၊ MoU စနစ်ဖြင့်သွားရောက်သည့် အလုပ်သမားများ ယခင်ဗီဇာကြေး ဘတ် ၅၀ဝ သာ ကောက်ခံနိုင်ရေး၊ မြဝတီမှ မဲဆောက်သို့ ရာသီချိန်အလိုက် သွားရောက်အလုပ်လုပ်ကိုင်သည့် လုပ်သားများ၏ လုပ်ခလစာအား ထိုင်းနိုင်ငံ၏ တရားဝင် သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအတိုင်း ရရှိရေး၊ တရားမဝင် လူစုဆောင်း ပို့ဆောင်/လက်ခံ ဆောင်ရွက်ပေးနေသည့် နှစ်နိုင်ငံအတွင်းရှိလူပွဲစားများအား ဖော်ထုတ် အရေးယူ ဆောင်ရွက်နိုင်ရေး ၊ ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် မြန်မာလုပ်သား များအား MOU စနစ်ဖြင့် EC စာချုပ်ချုပ်ဆိုပြီး ဥပဒေနှင့်အညီ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရေး ၊ ထိုင်းနိုင်ငံရနောင်း ဘက်အခြမ်းတွင် ကာလကြာမြင့်စွာမြန်မာ ရွေ့ပြောင်း အလုပ်သမား များ၏ ကလေးငယ်များအား စာသင်ကြားပေးနေသည့် ဆရာ/ ဆရာမ ၃၀ ကျော်ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်မရှိ၍ ပြန်လည်စေလွှတ်ခံရခြင်းနှင့် ပတ်သက်၍ ကလေးငယ်များ၏ ပညာရေးအခက်အခဲဖြစ်ပေါ်နေသည့် အတွက်ပြန်လည် သင်ကြား ခွင့်ရရှိရေး ၊ အလုပ်သမားများနှင့်ပတ်သက်သည့်ကိစ္စရပ်များအား နှစ်နိုင်ငံရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ပူးပေါင်းဖြေရှင်းရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။
သတင်းစဉ်


