ရေစကြို ၆ စက်တင်ဘာ
                   
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် အကြားရှိ ကျေးရွာရှစ်ရွာ၌  ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိရာ မကြာမီ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်း ရောက်ရှိသည့်နေရာမှစ၍ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အဖြစ်ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားရှိ ငတရော်ကျေးရွာ၊ မြေတော်ကျေးရွာ၊ သပြေပင်ကျေးရွာ၊ ဘိစပ်ကုန်းကျေးရွာ၊ ကိုင်းကျေးရွာ၊ မြေစွန်းကျေးရွာ၊ ညောင်မွှေးကျေးရွာ၊ ဆည်သစ်မြင် ကျေးရွာ စသည့် ကျေးရွာရှစ်ရွာတို့တွင် အချိန်ပြည့် လျှစ်စစ်ဓာတ်အားရရှိရေးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် အကုန်အကျခံ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလကုန်တွင် လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ နှင့် ဝန်ထမ်းများက ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါ ကျေးရွာရှစ်ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ) တို့မှ နည်းပညာပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်း ပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Off-grid) ဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၂၈၈ ကီလိုဝပ်၊ ဂျင်နရေတာ ၁၆၀ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို Parami Energy ကုမ္ပဏီနှင့် Mega Global Green Automation ကုမ္ပဏီတို့မှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ ထံမှ သိရသည်။

သန်းလွင်(မကွေး)