ရန်ကုန် ၆ စက်တင်ဘာ
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အပန်းဖြေခရီးသွားများအတွက် ဝန်ဆောင်မှုပေးရန်နှင့် ဈေးကွက်အသစ် ချဲ့ထွင်ရန်အတွက် Avis Myanmar အမည်ဖြင့် အမေရိကန်နိုင်ငံ အခြေစိုက် Avis ယာဉ်အငှား ဝန်ဆောင်မှုလုပ်ငန်း မြန်မာပြည်၌ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသည်။
RMA Group ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော Avis Myanmar သည် ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ ရုံးချုပ် ဖွင့်လှစ်ထားပြီး နောက်ဆုံးပေါ်ကား မျိုးစုံကို ရက်တိုရက်ရှည် ငှားရမ်းပေးမည်ဖြစ်ကာ စီးပွားရေးသာမက ကုန်သွယ်ရေး ယာဉ်ကြီးများအထိ ကိုယ်တိုင်မောင်းနှင်ရန် (သို့မဟုတ်) ကျွမ်းကျင်သော ယာဉ်မောင်း ပါရှိသည့် ယာဉ်ငှားခြင်းကို ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနား မှသိရသည်။
Avis Myanmar ၏ အထွေထွေ မန်နေဂျာ Ms. Prasoporn Tansupasiri က “မြန်မာနိုင်ငံမှာ ကျွန်မတို့ ရုံးချုပ်ဖွင့်ပြီးတာနဲ့ ယာဉ်လုပ်ငန်းနယ်ပယ်မှာ ပိုကောင်းတဲ့ ရွေးချယ်စရာတွေနဲ့ ယာဉ်တွေကို ငှားနိုင်အောင်လဲ ကြိုးစားသွားပါမယ်။ ရန်ကုန်မြို့ သာမက မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ တောင်ကြီး နဲ့ ထားဝယ်စတဲ့ မြို့တွေအထိ တိုးချဲ့ပြီး ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။
Avis တွင် အမျိုးအစား စုံလင်သော ယာဉ်များစွာ ရှိပြီး Sedan ၊ SUVs ၊ Pick-up trucks ၊ Vans နှင့် လူစီးယာဉ်များစွာကို စိတ်ကြိုက် ရွေးချယ်နိုင်မည်ဖြစ်ကာ လေဆိပ်ကြိုပို့၊ point to point transfer၊ hourly disposal ၊ဝန်ဆောင် မှုနှင့် event Chauffeur- drive ဝန်ဆောင်မှုတို့တွင် အတွေ့အကြုံရှိ ယာဉ်မောင်းများဖြင့် ထောက်ပံ့ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ရိုးရှင်းသော ဌားရမ်းခြင်းလုပ်ငန်းစဉ် အနေဖြင့် သက်သာ သော နှုန်းထားဖြစ်သည့် အမေရိကန်ဒေါ်လာ ၃၀ မှ စတင်၍ တစ်ရက် ဝန်ဆောင်မှု များကို ရရှိနိုင်မည်ဖြစ်ကြောင်း Avis Myanmar ၏ ထုတ်ပြန်ချက်များအရ သိရသည်။
Avis Budget Group ၏ Vice President Mr.Hans Mueller က “မြန်မာနိုင်ငံက မော်တော်ကားဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အလားအလာကောင်းတွေရှိတဲ့ နိုင်ငံဖြစ်ပါ တယ်” ဟု အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
Avis ကားငှားရမ်းခြင်းနှင့် ၎င်းင်း၏ လက်ခွဲကုမ္ပဏီများသည် နိုင်ငံပေါင်း ၁၇၀ ကျော်ရှိ နေရာပေါင်း ၅၅၀ဝ ခန့်တွင် ယာဉ်ငှားရမ်းသည့် ဝန်ဆောင်မှုကို ပေးလျက် ရှိပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက https://www. avis myanmar.com နှင့် www.avis. com တို့တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- ညွန့်ကိုကို


