နေပြည်တော် ၆ စက်တင်ဘာ
မန္တလေးတက္ကသိုလ်တွင် Food Court ဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင် ကော်မတီက သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့မှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲသည် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင် ကော်မတီက သပိတ်စခန်းဖွင့်ပြီး ဆန္ဒဖော်ထုတ်ခဲ့မှုအကြောင်းရင်းနှင့် ဝန်ကြီးဌာန၏ ဆောင်ရွက် နေမှု အခြေအနေများကို သတင်းမီဒီယာများအား အသိပေးလို၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မန္တလေးတက္ကသိုလ် တွင် သုတေသနစာတမ်းဖတ်ပွဲများနှင့် နိုင်ငံတကာညီလာခံများ ဆောင် ရွက်ရာတွင် တက်ရောက်လာသူ များအတွက် ဧည့်ခံစားသောက်မှု အဆင်ပြေစေရန် Food Court တစ်ခု ဖွင့်လှစ်နေသည်ဟု သိရှိရပါကြောင်း၊ အဆိုပါ Food Court ဖွင့်လှစ်ရေးဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ၂-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ ကျင်းပပြု လုပ် သည့် မျိုး ဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို) Welcoming Conference အခမ်း အနား တွင် ပြည်ထောင်စု ဝန်ကြီးထံ နှုတ်ဖြင့်တင်ပြခဲ့ပါကြောင်း။
ထိုတင်ပြချက်အရ ပညာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတက္ကသိုလ်တွင် Food Court စားသောက်ဆိုင်တည်ဆောက်ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်၍ အချက်အလက် အထောက် အထားများဖြင့် ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းရှိ၊ မရှိ စိစစ်အကဲဖြတ်တင်ပြရန် စိစစ်အကဲဖြတ် ရေးအဖွဲ့ကို မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး (ဥက္ကဋ္ဌ) ၊ ရန်ကုန် အရှေ့ ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးထွန်းနှင့် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာမာချိုတို့ ပါဝင် သော အဖွဲ့အား သြဂုတ် ၆ ရက်တွင် ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ရာတွင် Food Court ဖွင့်လှစ်သည့်ကိစ္စနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၂ ရက်မှ စတင်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍ သပိတ် စခန်း ဖွင့်ကာ ဆန္ဒဖော်ထုတ် ခဲ့ပါ ကြောင်း။
ပညာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ စက်တင်ဘာ ၄ ရက် ည ၉ နာရီ မိနစ် ၂၀ တွင် ဒေါက်တာ ဆင့်စိုး၊ ဒေါက်တာ ကျော်ကျော်ခေါင် နှင့် ဒေါ်မာမာချို ပါဝင်သည့် စိစစ် အကဲဖြတ်ရေး အဖွဲ့ နှင့်ဆန္ဒထုတ်ဖော် ကျောင်းသား ၇ ဦးပါသည့် အဖွဲ့တို့ မန္တလေး တက္ကသိုလ်တွင် တွေ့ဆုံ၍ ဆန္ဒထုတ်ဖော်ကျောင်းသားများ၏ တောင်းဆိုသည့် အချက် ၅ ချက်ကို အဓိကထားဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာနအနေဖြင့် အချက်အလက် အထောက် အထားများဖြင့် ခွင့်ပြုချက် ရယူ ဆောင်ရွက်ခြင်းရှိ၊ မရှိ စိစစ်အကဲဖြတ်တင်ပြရန် စိစစ်အကဲဖြတ် ရေးအဖွဲ့ကို တရားဝင် ဖွဲ့စည်းတာ ဝန်ပေးအပ်ထားပါကြောင်း၊ ဆန္ဒထုတ်ဖော် ကျောင်းသား များ တောင်းဆိုထား သည့်အချက် ၅ ချက်ကို စိစစ်ဆောင်ရွက်ရာတွင် အဓိကအရေးကြီးသည့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးဆောင်ရွက်လျက်ရှိသည်ဟု အသိပေး ပြောကြားခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းက နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးထားသည့် ကိစ္စအား ပြင်းထန် စွာ အရေးယူပေးပါရန် တင်ပြခြင်းကိစ္စနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၅ ရက်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ် ကျော်စိန် တို့ပါဝင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဌာန ဆိုင်ရာစစ်ဆေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် သတင်း မီဒီယာများ အနေဖြင့် ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ကြသည်။ (သတင်စဉ်)


