နေပြည်တော် ၆  စက်တင်ဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗီယမ်နမ်နိုင်ငံ ပါတီဗဟိုကော်မတီသိပ္ပံကောင်စီ၏ ဒုတိယအမြဲတမ်း ဥက္ကဋ္ဌနှင့် ဟိုချီမင်းအမျိုးသားနိုင်ငံရေးသင်တန်းကျောင်း၏ တွဲဖက်ပါမောက္ခ Dr. Vu Van Phuc ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak ဦးဆောင် သောအဖွဲ့ကို ယမန်နေ့ နံနက်ပိုင်းတွင် လည်းကောင်း နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

ဗီယက်နမ်နိုင်ငံ ပါတီဗဟိုကော်မတီသိပ္ပံကောင်စီ၏ ဒုတိယအမြဲတမ်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဒဏ်ခံရနိုင်မှုများ၊ သဘာဝဘေးဒဏ်နှင့် လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များနှင့် ယင်းတို့အတွက် မူဝါဒချမှတ် ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေး စီမံချက် ရေးဆွဲအကောင်အထည်ဖော်မှုများ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် မထင်မှတ်သော နေရာတွင် ပြင်းထန်သောဘေးများ ဖြစ်ပေါ်လာခြင်းအပေါ် ကြိုတင်ပြင်ဆင်ရေး၊ အလျင်အမြန်တုန့်ပြန်ရေးနှင့်ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှုများ၊ ဗီယက်နမ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နှင့်တွေ့ဆုံစဉ် ထိုင်း -မြန်မာ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံကိန်း(၂၀၁၉-၂၀၂၁)တွင်ပါဝင် သောကဏ္ဍများဖြစ်သည့် သင်တန်းများ၊ ပညာသင်ဆုများ၊ လုပ်ငန်းစီမံချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာဖလှယ်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ သက်ဆိုင် ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းလက်ခံရန်ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံဘက်ရှိ Shelter များသို့ မြန်မာ နိုင်ငံဘက်မှ Case Worker (၆)လတစ်ကြိမ်စေလွှတ်နေမှု၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေး၊ ပညာသင်ကြားပေးနိုင်ရေး နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများညှိနှိုင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံမှတစ်ဆင့် ပါဝင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ သဘာဝဘေးဖြစ်ပွားမှုများတွင် ထိုင်းနိုင်ငံမှ အလှူငွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နေမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

သတင်းစဉ်