နေပြည်တော် ၆ စက်တင်ဘာ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင် စက်တင်ဘာ၅ရက် မှ ၉ရက်အထိ ကျင်းပလျက်ရှိသည့် (၅၁)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည်။

(၅၁)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျူရင်လက်စနာဝစ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘာ့ကုန်သွယ်ရေးတွင် စိန်ခေါ်မှုများရှိနေသည့် ယခုလိုအချိန်အခါမျိုး၌ အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံ ဒေသတွင်းအပြင် အခြားနိုင်ငံများနှင့်စီးပွားရေးအရ ချိတ်ဆက်မှုများကိုတိုးမြှင့်ထူထောင် လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့်ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု(RCEP)လွတ်လပ်သော ကုန်သွယ်မှုဒေသဆွေးနွေးညှိနှိုင်းမှုများကို ယခုနှစ် အတွင်းပြီးစီးအောင် ကြိုးပမ်းလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်မှသာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မည့်ကုန်သွယ်မှုစနစ်ကို ထူထောင်နိုင်မှာဖြစ်ပြီး မိမိတို့ဆွေးနွေးဖက်နိုင်ငံများနှင့်ဒေသတွင်း နိုင်ငံများ၏ ယုံကြည်မှုကိုရရှိမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၃၃ကြိမ်မြောက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေး၊ (၅၁)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီနှင့် စီးပွားရေးဝန်ကြီးများ တွေ့ဆုံညှိနှိုင်းပွဲများသို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည့် (၇)ကြိမ်မြောက် RCEP ဝန်ကြီးများ ညှိနှိုင်းအစည်းအဝေးသို့ ဆက်လက်တက်ရောက်သွားမည်ဖြစ်ပြီး (၂၅)ကြိမ်မြောက် အာဆီယံ-ဂျပန်စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ ၁၈ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၊ ၃ကြိမ်မြောက်အာဆီယံ-ဟောင်ကောင် စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၄)ကြိမ်မြောက်အာဆီယံ-သြစတြေးလျ-နယူးဇီလန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၊ ၁၆ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေး ကော်မရှင်နာအစည်းအဝေး တို့သို့လည်း ပါဝင်တက်ရောက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ရုရှားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရုရှားနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး မက်စင်အိုရှက်ရှ်ကင်နှင့်လည်းကောင်း၊မြန်မာ-အမေရိကန်နိုင်ငံ တို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်နိုင်ရေးအတွက် အမေရိကန်ကုန်သွယ်ရေး ဒုတိယ ကော်မရှင် နာဂျက်ဖရီဂဲရစ်နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်စီစဉ် ထားရှိကြောင်းသိရသည်။ 

သတင်းစဉ်