ရန်ကုန် ၆ စက်တင်ဘာ

     
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို (A) ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန် )ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
  

တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် “   ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော် တပ်ကုန်းတွင် ဝန်ထမ်းများနှင့်  တွေ့ဆုံခဲ့ပါ ကြောင်း၊ တွေ့ဆုံရသည့်ရည်ရွယ်ချက်မှာ ဌာနတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သလို၊ ဌာနတွင် တာဝန်ယူ ဆောင်ရွက်နေကြသူများအနေဖြင့် မိမိတို့ တွေ့ကြုံနေရသည့် အခက်အခဲများရော ၊ စိတ်ကူးစိတ်သန်းများကိုပါ ဆွေးနွေးကာ လုပ်ငန်းခွင်အတွင်း အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှာဖွေခြင်းဖြစ်ပါကြောင်း။   
 

ဝန်ထမ်းများအနေဖြင့်  မိမိ၏ လက်ရှိအရည်အချင်းများအပြင် မျက်မှောက် ခေတ်၏ ပြောင်းလဲမှု နည်းပညာသစ်များကိုလည်း ဖြည့်ဆည်းရန် လိုအပ်ပါကြောင်း မိမိတို့ဌာနရှင်သန်နေစေရန်အတွက် နိုင်ငံတကာတွင် တီထွင်သုံးစွဲနေသော နည်းစနစ်များကို နားလည်တတ်သိရန် လိုအပ်ပါကြောင်း။     
 

မိမိစိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးမှုများကို ဌာနအတွက် ဖြည့်ဆည်းပေးမည်ဆိုသည့် စိတ်ထားမျိုး ထားရှိပြီး ထိုမှတစ်ဆင့် မိမိနိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြု နိုင်သူများဖြစ်လာမည် ဖြစ်ပါကြောင်း၊ တစ်ဦးချင်းမှလည်း မိမိ အရည်အသွေး တိုးတက်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ မိမိနေရာမှာ အကောင်းဆုံး ကြိုးစားဆောင်ရွက်ခြင်းဖြင့် ကိုယ်တိုင်လည်း အကျိုးရှိသလို ဌာန အတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည် ဖြစ်ပါကြောင်း ပြောကြားသည်။
 

ထိုနောက် ဌာနခွဲအလိုက် တက်ရောက်လာကြသည့် ဝန်ထမ်းများက လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေရသည့် အခက်အခဲများ ၊ လိုအပ်ချက်များ ၊ နည်းပညာ အတွက် လိုအပ်သည့် သင်တန်းများ ဖြည့်ဆည်းပေးရန် တင်ပြကြရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့၏ အလုပ်အပေါ် ဂုဏ်ယူစေလိုမှု၊ မီဒီယာအလုပ်ဖြစ်၍ တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် မဟုတ်ဘဲ  ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ လုပ်ငန်းခွင် ပျော်ရွှင်စေလိုမှု တို့နှင့် စပ်လျဉ်း၍  ဆွေးနွေး ပြောကြားသည်။  
   

ထိုနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝန်ထမ်များ တင်ပြသည့်  အခက်အခဲနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး ၊  အမြဲတမ်းအတွင်းဝန် တို့သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်) ဝင်း အတွင်းရှိ အသံလွှင့်အဆောက်အအုံ၊ ရုပ်မြင်အဆောက်အအုံများရှိ စတူဒီယိုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။  


သတင်းစဉ်