နေပြည်တော် ၆ စက်တင်ဘာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာနှင့် ရေခေါင်းချောင်းကျေးရွာအကြား စားကျက်မြေ၌ ယနေ့နံနက် ၁၁ နာရီခန့်တွင် ရဟတ်ယာဉ်တစ်စင်း ခေတ္တ ဆင်းသက်ရပ်နားခဲ့ကြောင်း သိရှိရသည်။      

ဆိုပါရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံ သစ်တောမီးလောင်မှုသို့ သွားရောက် ကူညီမည့် နီပေါနိုင်ငံမှ Mi-8 -MTV-1 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းဖြစ်ကာ ပျံသန်းစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ယခုကဲ့သို့ အရေးပေါ်ဆင်းသက်ရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် - ရန်ကုန် - ထိုင်း ခရီးစဉ် ပျံသန်းရန်အတွက် မြန်မာနိုင်ငံအပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ရပ်နားခွင့်တို့ကိုလည်း အင်ဒိုနီးရှားနိုင်ငံသံရုံးမှတစ်ဆင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့သို့ တရားဝင်ဖြတ်ကျော် ပျံသန်းဆင်းသက်ရပ်နားခွင့် တင်ပြတောင်းခံထားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်သည် ရာသီဥတု ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆင်းသက်ခဲ့သည့်နေရာမှ ဆက်လက်ပျံသန်းခဲ့ရာ စစ်တွေလေဆိပ်သို့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင်ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသည်။

သတင်းစဉ်