အန်ကာရာ ၆ စက်တင်ဘာ

ဆီးရီးယားနိုင်ငံ မြောက်ဘက်ပိုင်းဒေသရှိ အမေရိကန်နှင့် တူရကီနိုင်ငံတို့က လုံခြုံရေးဇုန်အဖြစ် စီစဉ်ထားသည့် နယ်မြေဒေသအပေါ်တွင် တူရကီစစ်ဘက်မှ ရဟတ်ယာဉ်နှစ်စင်းနှင့် အမေရိကန်စစ်ဘက်မှ ရဟတ်ယာဉ်နှစ်စင်း တို့ စက်တင်ဘာ ၅ ရက်တွင် ပူးတွဲပျံသန်းမှုပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ဆီးရီးယားနိုင်ငံအတွင်း ယူဖရေးတီးစ်မြစ်၏ အရှေ့ဘက်ကမ်းရှိ လုံခြုံရေးဇုန်အဖြစ် သတ်မှတ်ထားသည့် နယ်မြေဒေသအတွင်း ပထမအဆင့် လုပ်ဆောင်မှုအဖြစ် တူရကီစစ်ဘက်မှ ရဟတ်ယာဉ်နှစ်စင်းနှင့် အမေရိကန်စစ်ဘက်မှ ရဟတ်ယာဉ်နှစ်စင်းတို့ ပူးတွဲပျံသန်းခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တူရကီနှစ်နိုင်ငံတို့သည် သြဂုတ် ၂၇ ရက်တွင် ယင်းဒေသတွင်း၌ ပထမဆုံးအကြိမ်အဖြစ် လေကြောင်းမှ ပျံသန်းထောက်လှမ်းမှုကို လုပ်ဆောင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသတွင် လုံခြုံရေးဇုန် တစ်ခုတည်ထောင်ရန် အမေရိကန်နှင့် တူရကီနှစ်နိုင်ငံတို့သြဂုတ် ၇ ရက်တွင် သဘောတူညီခဲ့ကြပြီး ယင်းသဘော တူညီချက်အရ ယင်းဒေသတွင် ငြိမ်းချမ်းရေးစင်္ကြံ တစ်ရပ် ထူထောင်မည်ဖြစ်သည်။

ယင်းလုံခြုံရေးဇုန်တည်ထောင်မှုသည် လတ်တလောတွင် ဇာတိနယ်မြေဖြစ်သော ဆီးရီးယားနိုင်ငံတွင်းမှ တူရကီနိုင်ငံတွင်းသို့ ရွှေ့ပြောင်းဝင်ရောက် နေထိုင်သူများ ဌာနေ ပြန်ရေးအကြောင်းနှင့်လည်း ဆက်နွှယ်လျက်ရှိသည်။

အမေရိကန်နှင့် သဘောတူညီမှုရရှိထားသည့် လုံခြုံရေးဇုန် တည်ထောင်ရေး သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တူရကီမောင်းသူမဲ့လေယာဉ်များသည် စက်တင်ဘာ ၄ ရက်တွင် ဆီးရီးယားနိုင်ငံ မြောက်ဘက်ပိုင်း၌ ပျံသန်းမှုများ စတင်ပြုလုပ်ခဲ့သည်။

အမေရိကန်နှင့် တူရကီ ပူးပေါင်းတပ်ဖွဲ့များသည် ယူဖရေးတီးစ်မြစ်အရှေ့ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ မကြာမီ စတင်ပြုလုပ်မည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က သြဂုတ်လအစောပိုင်းတွင် ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-ဇော်ဝင်း