ပေါက်ခေါင်း ၇ စက်တင်ဘာ      


မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများ ကျဆင်းခြင်းကြောင့် ပျက်စီးသွားသော ပေါက်ခေါင်းမြို့နယ် ပြည်-ပေါက်ခေါင်း-တောင်ငူ လမ်းပိုင်းရှိ ညောင်ဝန်းတံတားသည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများပြီးစီးပြီဖြစ်၍ စက်တင်ဘာ  ၆  ရက်နေ့မှစ၍ မော်တော်ယာဉ်များနှင့် ခရီးသွားများ စတင်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြည်-ပေါက်ခေါင်း-အုတ်တွင်းလမ်း မိုင်တိုင်(၃၈/၁-၂)ကြား  ပေ ၁၉၀ ရှိ ညောင်ဝန်းတံတားသည် ဩဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်း တောင်ကျရေကျဆင်းမှုတို့ကြောင့် ပြုတ်ကျ ပျက်စီးသွားခဲ့ပြီးခရီးသွားလာမှု ယာယီပြတ်တောက်သွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနအဖွဲ့များက စက်တင်ဘာ ၂  ရက်နေ့မှ စတင်၍ တံတားအစားထိုး တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာပေ ၂၁၀၊တံတားခံနိုင်ဝန် တန် ၂၀ ရှိ သံဘောင်ဘေလီ တံတားသစ် တည်ဆောက်ရေး လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပေါက်ခေါင်း-အုတ်တွင်းလမ်း ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင် (ပြန်/ဆက်)