စစ်ကိုင်း ၇ စက်တင်ဘာ
ဧရာဝတီတံတား (ရတနာပုံ) အဆင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးမြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်အား ကံတလူတိုးဂိတ်အနီး ရွှေ့ပြောင်းကောက်ခံ သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
စစ်ကိုင်းမြို့ ဧရာဝတီတံတား (ရတနာပုံ)အဆင်းလမ်းတွင် ရွှေတောင်ကုမ္ပဏီ၏ တံတားဖြတ်သန်းခ ကောက်ခံရေးဂိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအဝင် ဘီးခွန်ကောက်ခံရေး ဂိတ်နှစ်ခုရှိပြီး အဆိုပါဂိတ်နှစ်ခုသည် ဂိတ်တစ်ခုနှင့် တစ်ခုနီးကပ်သောကြောင့် ယာဉ်မောင်းများအတွက် အဆင်မပြေခြင်း၊ ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခြင်းတို့ကြောင့် ကံတလူတိုးဂိတ် အနီးရွှေ့ပြောင်းကောက်ခံသွားမည်ဖြစ်သည်။
" အခု လက်ရှိ ကောက်ခံနေတဲ့ ဘီးခွန်နေရာက တံတားဖြတ်သန်းဂိတ်နဲ့ နီးကပ်စွာ တည်ရှိနေတာကြောင့် ယာဉ်ကြောကြပ်တည်းမှုတွေ ယာဉ်အန္တရာယ်လည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ခရီးသွား ပြည်သူတွေက မကြာခဏ ပြောင်းရွှေ့ပေးရန် တင်ပြလာတဲ့အတွက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ ရွှေတောင်ကုမ္ပဏီက ကျပ်သိန်း (၅၀ဝ၀)နဲ့ ဆွဲဝယ်လုပ်ကိုင်ပြီး ကံတလူ တိုးဂိတ်တွင် ပြောင်းရွှေ့ ကောက်ခံသွားမှာပါ " စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
ပြီးခဲ့သည့်နှစ်မှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တိုင်းတွင် မြို့အဝင်ဘီးခွန်ကောက်ခံခြင်းများ လုပ်ကိုင်ခွင့် မပြုတော့ဘဲ တိုင်းဒေသကြီး၏ အဓိက ဝင်ပေါက်များကသာ တိုင်းဒေသကြီးဝင် ဘီးခွန်အမည်ဖြင့် ကောက်ခံခဲ့သည်။
" အခု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေး အဖွဲ့တို့ထံ တင်ပြထားပြီး ခွင့်ပြုမိန့်ရတာနဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြောင်းရွှေ့ ကောက်ခံသွားမှာဖြစ်ပါတယ် " ဟု ၎င်း ကပြောသည်။
ပြီးခဲ့သည့်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ (၁) နှစ်တာတိုင်းဒေသကြီး ဘီးခွန်ကောက်ခွင့်လိုင်စင်ကို လေလံတင်ရောင်းချရာတွင် ကြမ်းခင်းဈေးကို ကျပ်သိန်း ၃၇၈၀ ထားရှိရာမှ ဈေးပြိုင်စနစ်ဖြင့် အပြိုင်ဆွဲဝယ်ယူကြသောကြောင့် ကျပ်သိန်း ၄၆၈၀ ထိ ရရှိခဲ့ခြင်းဖြစ်ကြာင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ (၁) နှစ်တာ အရပ်ရပ် အခွင့်ရေး လိုင်စင်များထဲမှ တစ်ခုဖြစ်သည့် တိုင်းဒေသကြီးအဝင်ဘီးခွန်ကောက် လုပ်ငန်းလိုင်စင်ကို ယခင်နှစ်များအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းမချတော့ဘဲ လက်ရှိတံတားဖြတ်သန်းခ ကောက်ခံနေသည့် ရွှေတောင် ကုမ္ပဏီကို ဆွဲဝယ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
သူရိန်လင်း


