ရန်ကုန် ၇ စက်တင်ဘာ
ယခုစက်တင်ဘာလမှ စတင်ကာ ကညနရုံးတွင် မှတ်ပုံတင် သက်တမ်းတိုး မော်တော်ယာဉ်များကို ရောင်ပြန်ပြားများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
“ကညန မှာ မော်တော်ယာဉ်သက်တမ်းတိုးတဲ့ ယာဉ်အချို့ သက်တမ်းက နှစ်နှစ်ရှိတာကြောင့် သက်တမ်း လာတိုးတဲ့အချိန်မှာ ရောင်ပြန်ပြားတွေကို ကညန က ကျသင့်နှုန်းထား ကောက်ခံပြီး တပ်ဆင်ပေးတဲ့စနစ်ကို စက်တင်ဘာလ ၁ ရက်က စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ဒီစနစ်စတဲ့ ၂ ရက်အတွင်း သက်တမ်းတိုး ယာဉ်စီးရေ ၇၀ဝ ကျော်ကို ရောင်ပြန်ပြားတွေ တပ်ဆင်ပေးပြီးဖြစ်ပါတယ်နောက်နှစ်နှစ်လောက်အတွင်းမှာ မော်တော် ယာဉ်အများစုမှာ ရောင်ပြန်ပြားတွေတပ်ဆင်မှု ပြီးမယ်ထင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
မော်တော်ယာဉ်များတွင် ရောင်ပြန်ပြားများ တပ်ဆင်ထားမှု မရှိခြင်း၊ တပ်ဆင်ထားသော်လည်း အရေအသွေးမမီသည့် ရောင်ပြန်ပြားများ ဖြစ်နေပါက ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကို ထိခိုက် စေနိုင်မည်ဖြစ်သဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ် သက်တမ်းလာတိုးသည့် ယာဉ်တိုင်းကို အဆိုပါ ရောင်ပြန်ပြားများ တပ်ဆင်ရန် ရောင်းချပေးမည်ဖြစ်ပြီး မော်တော်ယာဉ်သက်တမ်း မတိုးရသေးသော်လည်း သီးခြားလာရောက် တပ်ဆင်လိုပါကလည်း ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှစ၍ အသုံးစရိတ်များ အားလုံးကို နိုင်ငံတော် ဘတ်ဂျက်က ကျခံကာ ရောင်ပြန်ပြား ရောင်းရငွေများကို နိုင်ငံတော်ဘတ်ဂျက်သို့ ပြန်လည်ပေးသွင်းသည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
ထိုသို့တပ်ဆင်ရာတွင် ယာဉ်အလိုက် တန်ဖိုးနှင့် အုပ်စုများကို ခွဲခြားထားပြီး တင်အား ၁ တန်အထက်၊ ထရက်နှင့် လယ်ယာသုံး ထရပ်ယာဉ်များ၊ ထရပ်နှင့် ကုန်တင်ဝန်လေး ယာဉ်များ ၊ မီးသတ်ယာဉ်၊ သူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်မှအပ ကျန်အခြားအုပ်စုဝင်ယာဉ်များ ၊နောက်တွဲယာဉ်များ အတွက် ရောင်ပြန်တစ်ချပ်လျှင် ကျပ် ၆၀ဝဝ တန်ဖိုးရှိ အမျိုးအစား A ရောင်ပြန်ပြား တပ်ဆင်ရမည် ဖြစ်သည်။
တင်အား ၁ တန်အထိ၊ လိုက်ထရက်နှင့် လယ်ယာသုံး ထရပ်ယာဉ်များနှင့် ပစ်ကပ်ယာဉ်များအတွက် တစ်ချပ်လျှင် ကျပ် ၃၀ဝဝ တန်ဖိုးရှိ အမျိုးအစားအတွက် B ရောင်ပြန်ပြား တပ်ဆင်ရမည်ဖြစ်ပြီး မိုက္ကရိုဘက်စ်၊မီနီဘက်စ်နှင့် ဘက်စ်အမျိုးအစား ခရီးသည်တင်ယာဉ်များ၊ အခြားအုပ်စုဝင်မှ လူနာတင်ယာဉ်၊ နိဗ္ဗာန် ယာဉ်များ၊ ဘေးတန်းခုံနှင့်ခရီးသည်တင် ပြေးဆွဲနေသည့် ပစ်ကပ်၊ လိုက်ထရပ်နှင့် ထရပ်ယာဉ်များသည် တစ်စုံလျှင် ကျပ် ၇၀ဝဝ တန် အမျိုးအစား C ရောင်ပြန်ပြားကို တပ်ဆင်ရမည်ဖြစ်သည်။
ထို့ပြင် သုံးဘီးကား၊ သုံးဘီးဆိုင်ကယ်နှင့် ထော်လာဂျီ အုပ်စုဝင် ယာဉ်များသည် တစ်စုံလျှင် ကျပ် ၂၀ဝဝ အမျိုးအစား D ရောင်ပြန်ပြားနှင့် မော်တော်ဆိုင်ကယ်များ အတွက် တစ်ချပ်လျှင် ကျပ် ၅၀ဝ အမျိုးအစား E ရောင်ပြန်ပြားကို တပ်ဆင်ရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် နေ့စဉ်သက်တမ်းလာ တိုးသည့် မော်တော်ယာဉ် ထောင်ဂဏန်းရှိကာ တစ်နိုင်ငံလုံးတွင် မှတ်ပုံတင် မော်တော်ယာဉ်စီးရေ ၁၀ သိန်း ၉ သောင်းရှိသည့်အနက် ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင် ယာဉ်စီးရေ ၅ သိန်း သောင်းကျော်ရှိကြောင်း သိရသည်။
သူရိန်ကျော်


