ချောက် ၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ညောင်ချောင်းကျေးရွာအုပ်စု၊ မကျီးကန်ကျေးရွာတွင် ပေ ၂၀ အမြင့် ဂါလန် ၅၀ဝ၀ ဆံ့စင်မြင့် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းကို မေလပထမပတ်ကစတင် ဆောင်ရွက်ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မကျီးကန်ကျေးရွာသည် ယခင်က ကျေးရွာပိုင်စက်ရေတွင်းတစ်တွင်းရှိသော်လည်း အမြင့်တင့်ရေစဉ်မရှိသောကြောင့် ကျေးရွာ၏ အမြင့်ပိုင်းနေရာများသို့ ရေစုပ်စက်များဖြင့် တွန်းပို့ခဲ့ရကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀ဝ ၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁၈ သိန်းဖြင့် အမြင့်ပေ ၂၀ ရှိ ဂါလန်(၅၀ဝ၀)ဆံ့ စင်မြင့်ရေစင်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါအဆိုပါလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင် က ပြောပြ၍သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို မကျီးကျေးရွာအပါအဝင် ကျေးရွာပေါင်း (၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၁၂ခု ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၂၀ဝ၊ ပြည်သူထည့် ဝင်ငွေကျပ် ၂၄၉ ဒသမ ၄၉၉ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


