နေပြည်တော် ၇ စက်တင်ဘာ
ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့် ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဆေးဝါးစက်ရုံ(အင်းစိန်)၊ စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆေးဝါးစက်ရုံ(အင်းစိန်)၊ စက်ရုံမှူး ဒေါက်တာအောင်ဇော် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့မရဲစခန်းတွင် ၆-၉-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MDN
Credit-ACC Myanmar


