မင်းလှ ၇ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ မဲစာရင်းပြုစုခြင်းဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ အကြိုသင်တန်းဖွင့်လှစ်ပို့ချခြင်းကို စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်ဝင်းတို့က သင်တန်းသားများအနေဖြင့် မဲစာရင်းပြုစုခြင်းဆိုင်ရာ အချက်အလက်များကို ဂရုတစိုက် လေ့လာမှတ်သားကြပြီး သိရှိလိုသည့်အချက်အလက်များကို သင်တန်းဆရာများထံ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်နှင်းဝေအောင်က မဲစာရင်းပြုစုခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းဆရာများဖြစ်ကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်တို့မှ မဲစာရင်းဆိုင်ရာ အချက်အလက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ အကြိုသင်တန်းအချက်အလက်များအား ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူများ၏ သိရှိလိုသည့် အချက်အလက်များ မေးမြန်းခြင်းနှင့် တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသားများအဖြစ် ရပ်ကွက်နှင့် ကျေးရွာ (၆၆)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း (၁၂၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


