ဆိပ်ဖြူ  ၇ စက်တင်ဘာ 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဂွေးပင်ကျေးရွာနှင့် အင်းကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တိုးမြှင့်ဖွင့်လှစ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ဂွေးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တိုးမြှင့်ဖွင့်လှစ်ပွဲကို နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းဆိုင်းဘုတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းအောင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ နံနက် ၁၁ နာရီတွင် အင်းကန်ကျေးရွာ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ဂွေးပင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် အင်းကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့အတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာနှင့် အင်းကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်း ကျောင်းအဆင့်တိုးမြှင့်ခွင့်ရရှိခဲ့ပြီး ဂွေးပင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျေးရွာ (၁၀)ရွာမှ ကျောင်းသား/ကျောင်းသူ ၈၃၅ ဦး၊ အင်းကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျေးရွာ (၆)ရွာမှ ကျောင်းသား/ကျောင်းသူ ၃၃၈ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

စိုးလင်းနိုင်(ပြန်/ဆက်)