ရန်ကုန် ၇ စက်တင်ဘာ
၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ Clark City မြို့တွင် စက်တင်ဘာ (၈) ရက်မှ (၁၅) ရက်အထိ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ ဂျပန်နိုင်ငံ အိုကာစကီမြို့တွင် စက်တင်ဘာ (၁၁) ရက်မှ (၂၁) ရက်အထိ မြားပစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလား ဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းတည့် (၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာမြားပစ်အားကစားအဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ပြီး (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury) အဖြစ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးနှင့် အုပ်ချုပ်သူ/နည်းပြ ယာယီရဲမှူးသီသီဝင်းတို့က ပြိုင်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင်ရန်နှင့် ပူးတွဲလေ့ကျင့်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားသည်။
အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့မြားပစ်အားကစားအဖွဲ့ချုပ်မှ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury) (၁)ဦး၊ အုပ်ချုပ်သူ(၁)ဦး၊ နည်းပြချုပ်/နည်းပြ (၃)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၄)ဦး၊ အမျိုးသမီး (၃)ဦး၊ အားကစားသမား (Compound) အမျိုးသား(၃)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း(၁၈)ဦးနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ် မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အုပ်ချုပ်သူ/နည်းပြ (၁)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦးတို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


