နေပြည်တော် ၇ စက်တင်ဘာ
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများလာ ရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လာရောက်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀ဝ)ကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများကို စာနာစိတ်ဖြင့် ထောက်ပံ့လှူဒါန်းခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ရရှိသောလှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ထည့်သွင်းပြီး ရေဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ စီမံမှုဖြင့် စနစ်တကျ ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


