၇ စက်တင်ဘာ

မြန်မာ့ကြံ၊ သကြားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လက်ရှိဖြစ်ပေါ်နေသော ကြံ၊ သကြားဈေးကွက်များနှင့် ပတ်သက်၍ နေပြည်တော်ရှိ Horizon Lake View Hotel တွင် စက်တင်ဘာ ၁၀ ရက် မှ ၁၁ ရက်ထိ ကြံ၊ သကြားဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးထံမှ သိရသည်။

လာမည့် စက်တင်ဘာ ၁ဝ ရက်၊ ၁၁ ရက်များတွင် နေပြည်တော်တွင် ကျင်းပမည့် ကြံ၊သကြားဖိုရမ်တွင် ပထမရက်တွင် လက်ရှိဖြစ်ပေါ်နေသော ကြံ၊ သကြားဈေးကွက်နှင့်ပတ်သက်၍ အပိုင်းသုံးပိုင်းခွဲကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ (၁) စိုက်ပျိုးတဲ့အပိုင်း၊ (၂) ထုတ်လုပ်တဲ့အပိုင်း၊ (၃) ကုန်သွယ်တဲ့အပိုင်း အစရှိသော အပိုင်းသုံးပိုင်းအား ဆွေးနွေးကာ အဖြေရှာပြီး ရရှိတဲ့အဖြေများကို ဒုတိယနေ့တွင် နိုင်ငံတော်အဆင့် တက်ရောက်လာတဲ့ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြပြီး မြန်မာ့ ကြံ၊ သကြားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံသို့ သကြားများ တင်ပို့ရန် RE Export သကြား Permit များ ခွင့်ပြုခဲ့ပြီးနောက် မြဝတီလမ်းကြောင်းမှတစ်ဆင့် မှောင်ခိုသကြားများ တင်သွင်းလာခြင်းတို့ကြောင့် သကြားဈေးကွက် ပျက်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ပြီး ပြည်တွင်းသကြားစက်ရုံများအနေဖြင့် လက်ကျန်သကြား အမြောက်အများ ကျန်ရှိနေခြင်းတို့ကြောင့် လာမည့်နှစ်တွင် ကြံစိုက်ဧက လျော့ကျနိုင်ကြောင်းလည်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းသကြားဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်အောက်တွင်သာ ရောက်ရှိနေခြင်းကြောင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း မှစ၍ အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေကြောင်း၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကြံစိုက်ဧက ၄၄၀ဝ၀ဝ ကျော် စိုက်ပျိုးရာ သကြားတန်ချိန်ပေါင်း ၄၅၀ဝ၀ဝ ကျော်၊ ၂၀၁၅-၂၀၁၆ ခုနှစ်က ကြံစိုက်ဧက ၃၉၀ဝ၀ဝ ကျော် စိုက်ပျိုးရာ သကြားတန်ချိန်ပေါင်း ၃၉၀ဝ၀ဝ ကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်က ကြံစိုက်ဧက ၄၀ဝ၀ဝ၀ ကျော်စိုက်ပျိုးခဲ့ရာ သကြားတန်ချိန်ပေါင်း ၃၇၀ဝ၀ဝ ကျော်၊ ၂၀၁၇-၂၀၁၈ ခုနှစ်က ကြံစိုက်ဧက ၄၀ဝ၀ဝ၀ ကျော်စိုက်ပျိုးခဲ့ရာ သကြားတန်ချိန်ပေါင်း ၅၀ဝ၀ဝ၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကြံစိုက်ဧက ၄၄၀ဝ၀ဝ ကျော် စိုက်ပျိုးနိုင်ခဲ့ကာ သကြားတန်ချိန်ပေါင်း ၅၀ဝ၀ဝ၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်  ကြံစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ကြံသီးနှံသုတေသနခြံ သုံးခြံ၊ မျိုးသန့်ခြံ ကိုးခြံ စုစုပေါင်း ၁၂ ခြံဖြင့် ကြံမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် သုတေသနပြုလုပ်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ကြံစိုက်ရာတွင် ကြံသီးနှံမျိုးကောင်း၊ မျိုးသန့်များနှင့် ခေတ်မီအထွက်တိုး နည်းပညာများကို စိုက်ပျိုးတောင်သူများထံ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)