ရန်ကုန် ၇ စက်တင်ဘာ 


“ဖွံ့ဖြိုးပြီးနိုင်ငံပေါင်း (၉)နိုင်ငံရှိ ထင်ရှားသော တက္ကသိုလ်များမှ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့ကြသူများမှ လေ့လာသင်ယူခဲ့မှုအတွေ့ အကြုံများဝေမျှပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည်။
    

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်အမျိုးမျိုး၌ ဦးစီးဦးဆောင် တာဝန်ယူဆောင်ရွက်မည့် သူများကို မွေးထုတ်လေ့ကျင့်ပေးလျက်ရှိသော ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးပါကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရှင်ကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် တက္ကသိုလ်၏ သင်ကြားသင်ယူမှုပုံစံစနစ်နှင့် သင်ရိုးညွှန်တမ်းကောင်းမွန်မှု၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းနှင့် စာသင်ကြားမှုပတ်ဝန်းကျင်ကောင်း (enabling teaching environment) ရှိမှုတို့သည် အရေးကြီးပါကြောင်း၊ ယနေ့ အခမ်းအနားတွင် ဝေမျှပြောကြားမည့် နိုင်ငံအသီးသီးရှိ ထင်ရှားသောတက္ကသိုလ်များတွင် သင်ကြားလျက်ရှိသည့် ပုံစံများကိုလေ့လာပြီး လက်ရှိမြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်အညီ ပိုမိုထိရောက်သော သင်ကြားပုံနည်းစနစ်များဖြင့် သင်ကြားမှုသည် အထူးအရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် သင်ကြားသင်ယူမှု စနစ်များကို အမြဲတမ်းလေ့လာသုံးသပ်၍ မွမ်းမံပြင်ဆင်မှုများပြုလုပ်ရန် ဝန်မလေးသင့်ပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တန်းတူရင်ဘောင်တန်း လိုက်နိုင်မည် ဖြစ်ပါကြောင်း။


စာမေးပွဲများ အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် စနစ်ထက် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ကျင့်သုံးနေသည့် စာအုပ်စာတမ်းများကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် ဖြေဆိုရသည့် စနစ်နှင့်မေးခွန်းလွှာကို မိမိနေထိုင်ရာသို့ ယူဆောင်ဖြေဆိုနိုင်သည့် စနစ်တို့ကိုကျင့်သုံးရန် စဉ်းစားသင့်ပါကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ဆောင်ရွက်နေသည့် အတွေ့အကြုံမြင့်မားသော ပြည်သူ့ကျန်းမာရေး ပညာရှင်များအနေဖြင့်လည်း ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တွင် လာရောက်ဟောပြော ဆွေးနွေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။


ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ဖြစ်လာစေရေးအတွက် လိုအပ်ချက်များအား ဦးစားပေးဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားတွင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လေ့လာသုံးသပ်၍ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့နှင့် အခြေခံ ကျန်းမာရေးမဟာဘွဲ့သင်တန်းများ၏ သင်ကြားသင်ယူမှုပုံစံစနစ်များ ပိုမိုတိုးတက်ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
    

ထို့နောက် အမေရိကန်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ တက္ကသိုလ်များမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိခဲ့ကြသူများက တက်ရောက်ခဲ့ကြသည့် တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုပုံစနစ်များ၊ အကဲဖြတ်အမှတ်ပေးစနစ်များ၊ သုတေသနစာတမ်း ပြုစုရေးသားခြင်း၊ သင်ကြားမှုပတ်ဝန်းကျင်၊ နိုင်ငံအလိုက် ကွဲပြားခြားနားသော အလေ့အကျင့်များ၊ တက်ရောက်ပညာသင်ခဲ့စဉ်က တွေ့ကြုံခဲ့ရသည့် အခက်အခဲများ စသည့်အချက်များ အပါအဝင် မိမိတို့၏ လေ့လာသင်ယူခဲ့မှု အတွေ့အကြုံများကို ဝေမျှပြောကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လတ်နှင့် အဖွဲ့တို့ကို တွေ့ဆုံပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနအဆောက်အဦများ အရည်အသွေးပြည့်မီရန် တည်ဆောက်ခြင်းနှင့် အရည်အသွေးပြည့်မီမှုစစ်ဆေးခြင်း (quality control and quality assurance) လုပ်ငန်းများတွင် ပံ့ပိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်