ဘီးလင်း ၇ စက်တင်ဘာ

မွန်နှင့် တနင်္သာရီဒေသရှိ သဘာဝဘေးသင့် ပြည်သူများအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြည်သူများ၏ အလှူထောက်ပံ့ငွေ ကျပ်သိန်း (၃၀ဝ)နှင့် ပစ္စည်းများကို ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်ပွဲပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောလုကာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာတို့ တက်ရောက် လက်ခံပေးခဲ့သည်။

ကောလင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းကို၊ မြို့မိမြို့ဘများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်သဘင်ပညာရှင်များ အစည်းအရုံးမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ လိုက်ပါပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် ဦးရွှေမြင့်က မွန်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်အမျိုးမျိုးက စမ်းသပ်နေသကဲ့သို့ဖြစ်နေကြာင်း၊ အစိုးရအနေဖြင့်လည်း သဘာဝဘေးကို ချက်ချင်းတုံ့ပြန်နိုင်အောင် ပြင်ဆင်ထားကြောင်းနှင့် လာရောက်ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

ဦးစောလုကာကလည်း ကောလင်းမြို့နယ်ကဲ့သို့ ဝေးလံလှသည့်နေရာက လာရောက်သည့်အတွက် ကျေးဇူးတင်ကြောင်း၊ တစ်ဦးအခက်အခဲဖြစ်လျှင် တစ်ဦးကူညီကြရမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ အပြန်အလှန် ရိုင်းပင်းကူညီသည့်စိတ်ဖြင့်သာ ကျွန်တော်တို့သွားချင်သည့် ခရီးလမ်းကိုရောက်အောင် သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ကောလင်းမြို့နယ်မှ အသင်းအဖွဲ့ပေါင်းစုံက အရောင်အသွေးမပါဘဲ စုစည်းညီညွတ်စွာဖြင့် ပါဝင်ကြပြီး မြို့သူမြို့သားများ၏ စေတနာထက်သန်စွာ ထည့်ဝင်မှုကြောင့် ယခုကဲ့သို့ လာရောက်ကြခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

မျိုးဇော်အောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)