မန္တလေး ၇  စက်တင်ဘာ 

မန္တလေးဆိပ်ကမ်း မရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများကို အခြားနေရာများသို့ ယခုစက်တင်ဘာလတွင် ရွှေ့ပြောင်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိပ်ကမ်းနေရာချထားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်အမှတ်- ၂) ကပြောသည်။

မရမ်းခြံဆိပ်ကမ်းတွင် မန္တလေး-မင်းကွန်းနှင့် အခြားနေရာများသို့ နိုင်ငံခြားခရီးသွားများ ပို့ဆောင်ပေးနေသည့် ပုဂ္ဂလိကရေယာဉ်များ ဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်ပြီး အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် စီမံကိန်းဆောင်ရွက်မည်ဖြစ်၍ ယင်းကဲ့သို့ ရွှေ့ပြောင်းပေးခြင်းဖြစ်သည်။

“ကျူးတွေ ရှင်းဖို့က ဒုတိယအဆင့်ပါ။ မရမ်းခြံဆိပ်ကမ်းမှာရှိတဲ့ သဲလုပ်ငန်း၊ နုန်းလုပ်ငန်း၊ ဝါးတွေ စုပုံတာနဲ့ ကုန်တင်ကုန်ချလုပ်ငန်းတွေရှိတယ်။ အကုန်လုံးကို နေရာရွှေ့ပြောင်းပေဖို့ ဝါးအဖွဲ့၊ သဲအဖွဲ့၊ ကုန်တင်ကုန်ချအဖွဲ့တွေနဲ့ ညှိနှိုင်းသဘောတူချက် ရပြီးပါပြီ။ ဇွန်လလောက်က ဆွေးနွေးခဲ့တယ်။ ဝန်ကြီးဆီတင်ပြီးသွားပြီ။ စက်တင်ဘာလအတွင်းမှာ ရွှေ့ပြောင်းရေး လုပ်ဖြစ်ပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့်နေရာ၌ လက်ရှိလုပ်ငန်းများမှ သဲလုပ်ငန်းများကို ချော်ဆိပ်သို့ လည်းကောင်း၊ ဝါးလုပ်ငန်းများကို ၁၉ လမ်း (View Point) မြောက်ဘက်သို့ လည်းကောင်း၊ ကုန်တင်ကုန်ချ လုပ်ငန်းများကို ရွှေကြက်ယက်ဆိပ်ကမ်းတွင်လည်းကောင်း ရွှေ့ပြောင်းပေးသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် သဘောတူညီချက်ရရှိထားပြီဟု သိရသည်။

မန္တလေးဆိပ်ကမ်းသာယာလှပရေးအတွက် နယ်သာလန်နိုင်ငံမှ Royal Haskoing Consultant Co.,Ltd မှ Master Plan ရေးဆွဲခြင်းဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်ရာ အပြီးသတ် Master Plan ရေးဆွဲကာ အကောင်အထည်ဖေါ်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)