ရန်ကုန် ၇ စက်တင်ဘာ 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် သန်လျင်-ရန်ကုန် အမှတ် (၂) လမ်းမကြီးနှင့် ဒဂုံတံတားမှ သီလဝါစက်မှုဇုန်သို့ ဆက်သွယ်သည့် လမ်းမကြီးဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် လယ်ယာမြေများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြေယာလျော်ကြေးပေးအပ်ပွဲတွင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းတို့က နှုတ်ခွန်းဆက် ဝမ်းမြောက်စကား ပြောကြားကြပြီး ရန်ကုန်တောင်ပိုင်းခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဦးက လမ်းဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော လယ်မြေများအတွက် မြေယာလျော်ကြေးများ ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးနေလင်းအောင်၊ ဦးအောင်နိုင်ထွန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တောင်ပိုင်းခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဦး၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (သန်လျင်) ဥက္ကဋ္ဌ ဦးဟန်ညွှန့်၊ သန်လျင်မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ဝင်းနှင့် တာဝန်ရှိသူများက တောင်သူများအား မြေယာလျော်ကြေးများ ပေးအပ်ခဲ့ကြပြီး မြေယာလျော်ကြေးရရှိခဲ့သော ကုလားဝဲကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ဝမ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော ငါးပြေမကျေးရွာ၊ ကုလားဝဲကျေးရွာ၊ ညောင်သုံးပင်ကျေးရွာများမှ တောင်သူ ၃၆ ဦးတို့၏ လယ်မြေ ၈၆ ဒသမ ၁၄ ဧကအတွက် တစ်ဧကလျှင် ကျပ် ၁၀ဝ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈၆၁၄ သိန်းအား မြေယာလျော်ကြေးအဖြစ် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)