မူဆယ် ၈ စက်တင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကြိုတင်သတိပြုစရာ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာဆွေးနွေးပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာဆွေးနွေးပွဲသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မူဆယ်အခြေစိုက် သတင်းမီဒီယာများ၊ စာရေးဆရာများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှစတင်၍ တရုတ်နိုင်ငံ၌ အာဖရိကဝက်အပြင်းဖျားရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု ဝမ်းနွဲ့ရွာတွင်လည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် ဝအထူးဒေသ(၂) ပန်ဆိုင်းမြို့နယ်နှင့် ဩဂုတ် ၂၈ ရက်တွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ ရပ်ကွက်(၂)တို့တွင် ရန်ကုန်တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၌ နမူနာပစ္စည်းများ စစ်ဆေးချက်အရ အာဖရိကဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇပစ္စည်းကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။ ယင်းဒေသများတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များအစုလိုက်အပြုံလိုက် သေဆုံးလျက်ရှိပြီး တရုတ်နိုင်ငံနှင့်  နယ်နမိတ်ချင်း ထိစပ်နေသည့် မူဆယ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါများ ဝင်ရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလဆန်းမှ စတင်၍ မူဆယ်မြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။

“စီးပွားရေးအဖြစ်မွေးမြူတဲ့ ဝက်ခြံပဲဖြစ်ဖြစ်၊ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်တဲ့သူပဲဖြစ်ဖြစ် မိမိဝက်တွေဟာ အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားဖို့ဆိုရင် ဇီဝလုံခြုံရေးရှိဖို့ အင်မတန်အရေးကြီးပါတယ်၊ ဒီရောဂါဟာဆိုရင် လူကိုတော့ လုံးဝမကူးစက်စေပါဘူး၊  ဝက်သားတွေကို ကျက်အောင်ချက်ပြီးတော့ စိတ်ချလက်ချစားသုံးနိုင်ပါတယ်၊ ဒါပေမယ့် ဝက်နာသားကိုတော့ မစားသုံးသင့်ပါဘူး”လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာစန္ဒာကြည်က ပြောသည်။

မြန်မာနိုင်ငံ ဒေသအချို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါများ ဖြစ်ပွားမှုကြောင့် ပြည်သူလူထုများက ဝက်သားများစားသုံးရန် စိုးရိမ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ အာဖရိကဝက်အပြင်းဖျားရောအဂါရှိသည့် ဝက်သားများကို စားသုံးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အား အန္တရာယ်ပြုခြင်းများ မရှိကြောင်း သိရသည်။ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်မွေးမြူရေးကို အဓိကထိခိုက်နစ်နာစေပြီး ရောဂါကူးစက်ပြန့်ပွားနှုန်းသည် တစ်ရာရာခိုင်နှုန်းအထိ ဝက်များသေဆုံးမှုရှိနိုင်ကြောင်း သိရသည်။ အာဖရိကဝက်အပြင်းဖျားရောဂါကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးမရှိသေးကြောင်း ဒေါက်တာစန္ဒာကြည်၏ ပြောကြားချက်အရ သိရသည်။

“ဆွေးနွေးပွဲပြုလုပ်ခြင်းအားဖြင့် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်းကို သေချာနားလည် သဘောပေါက်သွားပါတယ်၊ အာဖရိကဝက်အပြင်းဖျားရောဂါဟာ ဝက်ဝက်ချင်းသာ ကူးစက်စေပြီး ဝက်ကနေလူတွေဆီ မကူးစက်နိုင်ဘူး၊ ဒါကြောင့်  ဝက်သားစားသုံးသူတွေနဲ့ စားသောက်ဆိုင်တွေအတွက်လည်း စိုးရိမ်စရာမရှိဘူး၊ စိုးရိမ်စရာရှိတာကတော့ စီးပွားရေးအဖြစ် ဝက်မွေးမြူသူများအတွက်ပါပဲ၊ အာဖရိကဝက်အပြင်းဖျားရောဂါကို ပြည်သူလူထုတွေ မကြောက်ရွံ့အောင်လည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ဖြန့်ဝေပေးဖို့လိုအပ်ပါတယ်”လို့ ကဗျာဆရာမျိုးခိုင်က ပြောကြားခဲ့သည်။

မူဆယ်မြို့တွင် စီးပွားရေးအဖြစ် မွေးမြူသည့် ဝက်ခြံစုစုပေါင်း (၃)ခြံရှိပြီး တစ်နိုင်တစ်ပိုင်ဖြင့် မိမိခြံများတွင် မွေးမြူသည့် ဝက်ခြံများသာများပြားကြောင်း သိရသည်။ မူဆယ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင်တင်သွင်းတင်ပို့ခြင်း တားဆီးကာကွယ်ရေးကော်မတီတို့ပူးပေါင်း၍ တရုတ်နိုင်ငံမှ ဝက်ရောဂါသတင်းများ စူးစမ်းခြင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း လက်ကမ်းစာစောင်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ တရုတ်နိုင်ငံဘက်မှ တရားမဝင်ဝင်ရောက်လာသည့် ဝက်နှင့်ဝက်ထွက်ပစ္စည်းများ၊ ကန့်သတ်တားဆီးထားသည့် သတိပေးနှိုးဆော်ချက်များ၊ နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးဇုန်များတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇင် (မူဆယ်)