ထန်းတပင် ၈ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုများကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆောင်ရွက်ရာတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်သီင်္ဂီထွေး၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်ခိုင်ကျော်တို့က ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ရုတ်တရက်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များနှင့်အတူ ငလျင်ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် လက်ထောက်မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းက မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံ အသုံးပြုနည်းများကိုပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြုကာ မီးငြှိမ်းသတ်နည်းစနစ်များကို မြို့နယ်မီးသတ်တပ်ဖွဲဝင်များက လက်တွေ့လေ့ကျင့်ပြသပေးခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေး၊ ပြည်သူလူထု မီးဘေးလုံခြုံရေး၊ အသိပညာ ပြန့်ပွားရေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျော့နည်းသက်သာစေရေးတို့အတွက် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်နိုင်စေရန်အတွက် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)