ဒီးမော့ဆို ၈ စက်တင်ဘာ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၇ ရက်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအနက် ကျေးရွာအုပ်စု ခုနစ်အုပ်စုအား ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို ဦးဆောင်၍ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ပေးအပ်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခူးပရာကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦး၊ ကလေးသူငယ် ၁၀ ဦး၊ ဟိုဝမ်ကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၁၁ ဦး၊ ကလေးသူငယ် ၂ ဦး၊ လိုဘာခိုကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၃၃ ဦး၊ ကလေးသူငယ် ၃၉ ဦး၊ လိုပူကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၂၅ ဦး၊ ကလေးသူငယ် ၃၅ ဦး၊ ဝါဘန်းပလိုကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦး၊ ကလေးသူငယ် ၃၉ ဦး၊ ဆောင်ဒူလာကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၉၈ ဦး၊ ကလေးသူငယ် ၉၀ ဦး၊ နောင်ပုလဲကျေးရွာ အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၄၉ ဦး၊ ကလေးသူငယ် ၃၄ ဦး စုစုပေါင်း ကိုယ်ဝန်ဆောင်မိခင် ၂၆၀ ဦးနှင့် ကလေးသူငယ် ၂၄၉ ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများသည် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလအတွက် တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ် ၄၅၀ဝ၀ ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများကို ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


