မန္တလေး ၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြင်တော်ကျေးရွာတွင် ဝါးယင်းလိတ်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီဖြစ်ပြီး ယခုအခါ ဝါးယင်းလိတ် ပြုလုပ်သူများ နည်းပါးလာကြောင်း သိရသည်။
“ယင်းလိတ်လုပ်ငန်း လုပ်လာတာတော့ နှစ် ၃၀ ကျော်ပါပြီ။ အလုပ်သမားဈေးရော၊ ကုန်ကြမ်းဈေးတွေရော တက်လာတယ်။ အဓိက ကုန်ကြမ်းဖြစ်တဲ့ ရွှေလီဝါးကို အရင်က ၃ သောင်းခွဲ ပေးရတာကနေ ယခုဆို ၅ သောင်းထိ တက်သွားတယ်။ အရင်ကထက်ဆိုရင် ယင်းလိတ်လုပ်တဲ့ သူတွေလည်း နည်းလာတယ်”ဟု မြင်တော်ကျေးရွာမှ ယင်းလိတ် ယက်လုပ်သူ ဒေါ်ကြည်လှမှ ပြောသည်။
ယင်းလိတ်ကို နေကာယင်းနှင့် ငါးဖမ်းယင်းဟူ၍ နှစ်မျိုးရှိပြီး ငါးဖမ်းယင်းကို နှစ်သစ်ကွင်း၊ လက်မလည်၊ လက်ညိုးဖြူ၊ ပဲကြီး၊ စားတော်တည်နှင့် ယင်းစိတ်ဟူ၍ အမျိုးအစာများထပ်၍ ခွဲခြားထားသည်။ ငါးဖမ်းယင်း ယက်လုပ်ရာတွင် ယင်းစိတ်ကို ဝါးနှင့် ကြိုးဖြင့် ရက်လုပ်ကြပြီး ကျန်အမျိုးအစားများကို ဝါးနှင့်ကြိမ်ဖြင့်သာ ယက်လုပ်ကြသည်။
“ကြိမ်နဲ့ယက်တော့ ယင်းရဲ့အကွက်တွေကို ဆွဲလို့ညှိလို့ရတယ်။ ကြိုးနဲ့ယက်ရင်တော့ အကွက်လည်း မညီတော့ ယင်းဘောင်လည်း မဝင်တော့ဘူးပေါ့။ ကြိမ်ဈေးကလည်း တက်လာတယ်။ အရင်က ကြိမ်တစ်ရာကို တစ်သောင်းနဲ့ ဝယ်ရတယ်။ အခုဆို တစ်သောင်းခွဲဖြစ်သွားပြီ” ဟု ယင်းလိတ် ယက်လုပ်သူ ဦးမျိုးဆန်းက ပြောသည်။
ရောင်းအားကတော့ တစ်နှစ်ကို နေကာယင်း အလိပ် ၃၀ဝ ကျော် ရောင်းရပြီး ငါးဖမ်းယင်း အလိပ် ၂၀ဝ ကျော် ရောင်းရကြောင်း၊ နေကာယင်း ၁၀ ပေပတ်လည်ကို ၅၀ဝ၀ဝ ကျပ်ဖြင့် ရောင်းချကာ ငါးဖမ်းယင်း ၁၈ ပေ၊ ၁၂ ပေလျှင် ၃၃၀ဝ၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ကုန်ကြမ်းများဖြစ်သော ဝါးများကို ရွှေကြက်ယက်မှ ဝယ်ယူရပြီး ကြိမ်နှင့် ကြိုးကို မန္တလေးနှင့် အင်းဝမှ ဝယ်ယူရကြောင်း၊ နယုန်မှ ဝါခေါင်လသည် ယင်းလိတ် အရောင်းရဆုံး လများဖြစ်ကာ ယက်လုပ်ပြီး ယင်းလိတ်များကို အမရပူရနှင့် မန္တလေးသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
တင်ဇာလှိုင်(ပြန်/ဆက်)


