ပုသိမ် ၈ စက်တင်ဘာ
အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပြီး မျက်လုံးကွယ်ခဲ့သူ ဦးစောဂျော့နော့သည် လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားရှိသည့်အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေကျပ် ၅၂၉၁၄၇၀.၈၀ ပြားကို လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့သည်။
ဦးစောဂျော့နော့သည် ပုသိမ်မြို့ မြက်တိုရပ်ကွက်ရှိ New.Holland (CPCL) တောင်သူကြီး လယ်ထွန်စက်ကုမ္ပဏီမှ အလုပ်သမား ကုမ္ပဏီတွင် သယ်ယူထားသည့် လယ်ထွန်စက်အား ပြင်ဆင်နေစဉ်အတွင်း မော်တာစမ်းသပ်ရာမှ ဘက်ထရီအိုး ပေါက်ကွဲပြီး မျက်လုံးကွယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အလုပ်သမားရေးရာဆိုင်ရာ ဌာနအသီးသီးမှ မိမိဌာန၏ စည်းကမ်းဥပဒေများနှင့် ပတ်သက်၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား ဆက်ဆံရေးဦးစီးဌာနတို့မှ တိုင်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ဟန်(ခရိုင်ပြန်/ဆက်)


