ရန်ကုန် ၈ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၇ ရက် နံနက် ၇ နာရီမှ ၈ နာရီအထိ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက် ဦးဆောင်သော ဦး/ရေး/ထောက်ဌာနရှိ တပ်ဖွဲ့ဝင်များ၊ ရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များစုစုပေါင်း (၃၀ဝ)ဦးတို့က လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။
နံနက် ၈ နာရီတွင် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာနရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်မှ သွေးလှူဒါန်းခြင်းဆိုင်ရာ သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ထို့နောက် သွေးလှူဒါန်းရန် သတ်မှတ်ချက်နှင့်ကိုက်ညီသူ တပ်ဖွဲ့ဝင်(၁၅၄)ဦးနှင့် စာရေးဝန်ထမ်း(၁)ဦး၊ စုစုပေါင်း(၁၅၅)ဦး သွေးလှူဒါန်းနေမှုများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြပြီး တစ်ဦးလျှင် ကြက်ဥ (၁၀)လုံးနှင့် ကျပ် ၅၀ဝ၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
MDN


