မင်းလှ ၈ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ သံပုရာကန်၊ မဲဇလီတော၊ ကိုင်း၊ သဖန်းချောင်း၊ ဥယျာဉ်ကျေးရွာ ငါးရွာတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပြီး ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများကို ပြန်လည်သုံးစွဲစေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အမှိုက်များအား ခွဲခြားစွန့်ပစ်တတ်စေရန်၊ မြစ်ချောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် နွေရာသီကာလ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက မဲဇလီတောကျေးရွာတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာပြီး လက်တွေ့လိုက်နာ ကျင့်သုံးတတ်စေရန် ကျေးရွာစွန့်ပစ်အမှိုက် ကော်မတီဖွဲ့စည်းခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စွန့်ပစ်အမှိုက်နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေး ဗီနိုင်းပိုစတာများအား စိုက်ထူထားရှိခြင်းနှင့် ကျေးရွာသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မဲဇလီတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးထံမှ သိရသည်။
ငြိမ်းသူ


