ရန်ကုန် ၈ စက်တင်ဘာ
မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာ၌ ထုတ်ကုန်ပစ္စည်းရောင်းချချင်းထက် ကံစမ်းမဲရောင်းချခြင်းမျိုး ဖြစ်သောကြောင့် လောင်းကစားဆန်နေကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုဥက္ကဌ ဦးသန်းမောင်က ပြောသည်။
“ကြော်ငြာတယ်ဆိုတာ Marketing နဲ့ ဆက်စပ်နေတယ်၊ Incentive မက်လုံးတွေ ပေးတာလေ၊ ကံစမ်းမဲတွေတို့ အဲဒါတွေက အခုပေါပါပဲပဲ လုပ်နေကြတယ်၊ ကိုယ်ကရောင်းတာက တစ်ကျပ်တန်ပစ္စည်းကွာ၊ ရွှေတစ်ပိဿာ ပေးမယ်ဆိုတော့ သူက ပစ္စည်းကို ရောင်းတာမဟုတ်တော့ဘူး၊ ကံစမ်းမဲရောင်းတော့ လောင်းကစားနဲ့ တူသွားတယ်၊ အဲဒါမျိုးတွေကျတော့ မတရားယှဉ်ပြိုင်တာ၊ ကိုယ်ကတော့ မထိခိုက်ဘူးပေါ့၊ အမှန်အကန်ရောင်းနေတဲ့သူမှာ ထိခိုက်တယ်၊ အခု ထီလက်မှတ်တွေရောင်းတယ်၊ အစိုးရက ဒီလိုသတ်မှတ်ထားတယ်၊ သူက ဈေးကိုတော့ ပြောင်းလို့မရဘူး၊ အဲတော့ သူက ဘာလုပ်လဲ၊ သူ့ကို များများဝယ်စေချင်လို့ ကံစမ်းမဲတွေ ဖောက်မယ်၊ ကံစမ်းမဲတွေ ဆိုတာကလည်း တစ်နေ့တစ်ရက်တော့ ဒီကိစ္စတွေ ပေါ်လာလိမ့်မယ်၊ ဒါတွေက လောင်းကစားဆန်တယ်၊ ကုန်ပစ္စည်းကို ရောင်းတာမဟုတ်ဘဲနဲ့ Incentive ကို ရောင်းတာ”ဟု ဦးသန်းမောင်က ပြောသည်။
ထိုသို့ ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာတွင် ထုတ်ကုန်ပစ္စည်းရောင်းချချင်းထက် ကံစမ်းမဲရောင်းချခြင်းမျိုးသည် မတရားယှဉ်ပြိုင်မှုမျိုးဖြစ်သဖြင့် မလုပ်ဆောင်သင့်ကြောင်း၊ ယင်းကဲ့သို့ မတရားယှဉ်ပြိုင်မှုမျိုးကို တားဆီးနိုင်ပါကလည်း ပြည်သူအားလုံးအတွက် အကျိုးရှိကြောင်း ၎င်းက ဆက်ပြောသည်။
“လူတွေက ပစ္စည်းရောင်းတာထက် ဆုကြေးကိုရောင်းနေတာ ဖြစ်နေပြီ၊ ပစ္စည်းရဲ့တန်ဖိုးကိုလည်း လုံးဝဂရုမစိုက်တော့ဘူး၊ Service ကိုလည်း လုံးဝဂရုမစိုက်တော့ဘူး၊ လတ်တလော ချက်ချင်းလူတွေ လာဝယ်ဖို့အတွက်ဘဲ ဦးစားပေးနေကြတယ်၊ အဲဒါသည် မတရား၊ မမျှတသော ယှဉ်ပြိုင်မှုဘဲ၊ ဒါကို ဒို့ ပိတ်ပင်တားဆီးနိုင်ရင် အားလုံးအတွက် အကျိုးရှိပါတယ်”ဟု ဦးသန်းမောင်က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းများက ယှဉ်ပြိုင်မှုကို လေးစားလိုက်နာမှု အားကောင်းစေရေးအတွက် စီမံဆောင်ရွက်ပေးရန်လိုသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း ယှဉ်ပြိုင်မှုဥပဒေကို လေးလေးစားစား လိုက်နာဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။
“ကြော်ငြာတာ ကြော်ငြာလို့ ရပါတယ်၊ မတော်မတရားတော့ မကြော်ငြာပါနဲ့၊ အကယ်လို့ ပြောမယ်ဆိုလို့ရှိရင် ပုဒ်မ ၁၈ ပါ ဆက်စပ်နေတယ်၊ ပုဒ်မ ၁၈ မှာ ကုန်အမှတ်တံဆိပ်တွေ ကုန်စည်အချက်အလက်တွေအပေါ် အထင်လွဲမှားစေအောင် မပြုလုပ်ရဘူး၊ ခုနပြောသလို လုပ်တာက တရုတ်ကလုပ်တာ၊ ကိုရီးယားလုပ် ဂျပန်လုပ်ဆိုပြီး လူအထင်ကြီးအောင် လျှောက်လုပ်တာတွေ အဲဒါမျိုးတွေက မီဒီယာမှာဘဲ ကြော်ငြာကြော်ငြာ၊ Youtube မှာဘဲ ကြော်ငြာကြော်ငြာ၊ Facebook မှာဘဲ ကြော်ငြာကြော်ငြာ၊ တကယ်အမှန်လုပ်နေတဲ့သူကို အကာအကွယ်ပေးရမှာသည် ဒီဥပဒေဖြစ်ပါတယ်၊ Endnuser က ထိခိုက်တာဖြစ်ပါတယ်၊ ကျွန်တော်တို့က အမှန်အကန်လုပ်တဲ့သူဘဲ ထိခိုက်မှုတစ်ခုထဲကို ကြည့်တာမဟုတ်ဘူး၊ Market ကြီးတစ်ခုလုံး၊ Consumer ကြီးတစ်ခုလုံးကို ထိခိုက်တာဆိုရင် ဒီဥပဒေကို ကျွန်တော်တို့ ကိုင်တွယ်ပြီးတော့ အရေးယူရမှာ ဖြစ်ပါတယ်”ဟု ဦးသန်းမောင်က ထပ်မံပြောကြားသည်။
ထို့ပြင် ဥပဒေဘောင်အတွင်းမှ ယှဉ်ပြိုင်မှုကို လေးစားလိုက်နာဆောင်ရွက်ပါက စီးပွားရေးလုပ်ငန်းများကို စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေခြင်း၊ စားသုံးသူများကို ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရွေးချယ်လာစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံမှ သိရသည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာတွင် မှန်မှန်ကန်ကန် ကြော်ငြာဖို့လိုကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ စီးပွားရေးပညာရှင် ဦးသုတအောင်က ပြောသည်။
“မသေချာရင် မကြော်ငြာပါနဲ့၊ စီးပွားရေးလောကက လူတွေကို တိုက်တွန်းချင်ပါတယ်”ဟု ဦးသုတအောင်က ပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ယနေ့အချိန်ထိ တစ်နှစ်အတွင်း ကော်မရှင်ထံသို့ တိုင်ကြားထားသည့် လေးမှုကို လတ်တလော ဖြေရှင်းဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ စုံစမ်းစစ်ဆေးနေကြောင်း အဆိုပါကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးကိုကိုလေးက ပြောသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး စီးပွားရေးလုပ်ငန်းများအကြား လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေးသည်လည်း စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာအရေးကြီးကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။
ယှဉ်ပြိုင်မှု ဥပဒေတွင် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သော သဘောတူညီချက်များဖြစ်သည့် ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ လေလံ/တင်ဒါ ညှိနှိုင်းရယူခြင်း၊ ထုတ်လုပ်မှုကန့်သတ်ခြင်း၊ ဈေးကွက်ခွဲဝေရယူခြင်း စသည်တို့ပါဝင်သည့် မတရားညှိနှိုင်းဆောင်ရွက်မှုများ၊ ပြိုင်ဘက်လုပ်ငန်းများအကြား ဈေးနှုန်းကဲ့သို့ အရေးကြီး သတင်းအချက်အလက်များအား လျှို့ဝှက်ဖလှယ်ခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစား ပြုလုပ်ခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများကို ခွဲခြားဆက်ဆံခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများကို ကုန်စည်များ ရောင်းချရန် (သို့မဟုတ်) ထောက်ပံ့ပေးရန် ငြင်းဆန်ခြင်း၊ မတရားသော ဈေးနှုန်းများသတ်မှတ်ခြင်း၊ ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် စီးပွားရေးလုပ်ငန်းများကို ပေါင်းစည်းခြင်း စသည်တို့ကို လုပ်ဆောင်ပါက အရေးယူနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိဘဲ ယှဉ်ပြိုင်မှု ဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ငွေဒဏ် အနိမ့်ဆုံးကျပ်တစ်သိန်းမှ အမြင့်ဆုံး သိန်း (၁၅၀) အထိဖြစ်စေ၊ ထောင်ဒဏ် အနည်းဆုံး (၃) လမှ အများဆုံး (၃) နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ဥပဒေတွင် ပါဝင်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၁၀၆/ ၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ ကော်မရှင်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာများမှ အဆင့်မြင့်အရာရှိ ငါးဦး၊ ပြင်ပမှ ဥပဒေပညာရှင်နှင့် စီးပွားရေးပညာရှင် ငါးဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ငြိမ်းငြိမ်း


