ကျောင်းကုန်း ၈ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
နှစ်စဉ်ကျင်းပလျက်ရှိသည့် ပညာတန်ဆောင် စာပေပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအထက်ဆင့် (တတိယတန်းနှင့် စတုတ္ထတန်း)ကျောင်းသား ကျောင်းသူ (၄၅)ဦးက ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဖြေဆိုချိန်(၁)နာရီ ပေးထားကြောင်း သိရသည်။
ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ကလေးများသည် သင်ယူပြီးသည့် ကျောင်းစာအပြင် ကိုယ်တိုင်အသိ ဗဟုသုတ၊ စဉ်းစားတီထွင်ခြင်း၊ တွေးတတ်ရှုတတ်မှုဖြင့် စာစီစာကုံးရေးသားမှု ထူးချွန်ကြစေရန်နှင့် စာပေဖတ်ရှုတတ်သည့် အလေ့အထ ရကြစေရန်ဖြစ်ကြောင်း သိရသည်။
မြို့နယ် အကဲဖြတ်အဖွဲ့က ရွေးချယ်သည့် ပထမ၊ ဒုတိယ (၂)စောင်ကို ဗဟိုသို့ နောက်ဆုံးသတ်မှတ်ရက်အမီ ပြန်လည်ပေးပို့ကြရန်နှင့် နိုင်ငံတော်မှ ကလေးစာပေဖွံ့ဖြိုးရန်လိုအပ်သဖြင့် ကလေးစာပေပွဲတော်များ ကျင်းပပေးခဲ့ပြီး၊ မူလတန်းကလေးများ၏ စာစီစာကုံးပြိုင်ပွဲသည် ကလေးများနှင့် ကလေးစာပေဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


