နေပြည်တော် ၈ စက်တင်ဘာ
မဟတ္တမဂန္ဓီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ် (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမားက အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသားသွေးလှူဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင်က သွေးလှူဒါန်းခြင်းအကျိုးကျေးဇူးနှင့် မဟတ္တမဂန္ဓီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ကျင်းပရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်းက အခမ်းအနား ကျင်းပရခြင်းတို့ကို ရှင်းလင်းပြောကြားကြပြီး သွေးအလှူရှင် ၂၅၀ ကျော်က စုပေါင်းသွေးလှူဒါန်းကြသည်။
မဟတ္တမဂန္ဓီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်တွင် သိမ်ဖြူအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ရီရီမြင့်၊ ဓာတ်ပုံ-ရဲထွဋ်