နေပြည်တော်  ၈   စက်တင်ဘာ  


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးရှိ ဝန်ကြီးဌာနမှ ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်စွာဖြင့် အောင်မြင်ထိ ရောက်မှုရှိရန်အတွက် အောက်တိုဘာလမှ စတင်၍ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ အဆောက်အဦနှင့် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး ကိစ္စရပ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး ဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများကို လုပ်ပိုင် ခွင့်များ ပိုမို ပေးအပ်သွားမည် ဖြစ်ကြောင်း။


လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနမှူး များ၊ ဆေးရုံ အုပ်ကြီးများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အဆင့် ဆင့်ထံမှ ခွင့်ပြုချက်များကို စောင့်ဆိုင်းနေစရာမလိုဘဲမိမိတို့ကိုယ်တိုင် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက် များနှင့် အညီတာဝန်ယူမှု၊ တာဝန်ခံမှုပြည့်ဝ စွာဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုမှ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ပြုစုထုတ်ဝေပေး မည်ဖြစ်ကြောင်း။


ထိုသို့လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်၍ဆောင်ရွက်ရာတွင် ဗဟိုအဆင့်တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို checklistများအသုံးပြု၍ ကြည့်ရှုဆန်းစစ်ခြင်း နှင့် ပံ့ပိုးဆောင်ရွက် ခြင်းတို့ကို ပိုမိုလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာန အသီးသီးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ကွင်းဆင်းသွားရောက်၍ လုပ်ငန်းဆန်းစစ်ခြင်း၊ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် လိုအပ်ချက်များပံ့ပိုးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မှ စတင်၍ လူနာဘေးကင်း လုံခြုံမှုနှင့်ကျန်မာရေး စောင့်ရှောက်မှု အရည်အသွေးမြင့်မားတိုးတက်ရေး ကိစ္စရပ်များကို ဦးစားပေး သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်အလေးထားဆောင်ရွက်ခြင်း၊ ရောဂါ ဖြစ်ပွား သူလူနာ၏ နေရာရှုထောင့်မှ စဉ်းစားဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ဆောင်ရမည် ဖြစ် ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ  လူမှုရေးဝန်ကြီးများ၏ ဦးစီးဦးဆောင်မှု၊ ဝန်ကြီးဌာနရှိဝန်ထမ်းများ၏ စုစည်းဆောင်ရွက်မှုတို့ဖြင့် လုပ်ငန်းများယခု ထက်ပိုမိုပီပြင်ထိရောက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးငြိမ်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အဆောက် အဦများ ဆောက်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ဖြန့်ဖြူးမှု၊ ကျန်းမာရေးဆိုင်ရာ အညွှန်းပြကိန်းများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှူး၊ တိုင်းရင်း ဆေးပညာ ဦးစီးဌာနမှူး၊ ပဲခူးတိုင်းဒေသကြီးရှိခရိုင်၊ မြို့နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးကြပြီး ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခြင်းနှင့် အဆင့်လိုက်၊ အပိုင်းလိုက်ဆောင်ရွက် ရမည့်လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ခြင်း တို့ကိုဆောင် ရွက်ခဲ့သည်။


ထို့ပြင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက တိုင်းဒေသကြီး အတွင်းရှိ ကျန်းမာရေးနှင့်အားကစားကဏ္ဍလုပ်ငန်းများကိုပံ့ပိုးဆောင်ရွက်နေမှု၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ ကလိကျေးရွာအုပ်စုတွင် ဆောက်လုပ်လျက်ရှိသော (၆)ထပ်ဆေးရုံ အဆောက်အဦကို ကြည့်ရှုစစ်ဆေးသည်။ 


(သတင်းစဉ်)