နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များအပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာ စေရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံအစည်းအဝေးများကျင်းပပြီး နိုင်ငံရေးစားပွဲဝိုင်းများပေါ်တွင် နိုင်ငံရေး သဘောတူညီချက်များချမှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်ရာ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရန်လိုသည်။ လက်ရှိတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ NCA တွင် လက်မှတ်ရေးထိုး ထားပြီး ကျန်အဖွဲ့များလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် ကြိုးပမ်း လျက်ရှိသည်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါလျှင် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဘုံသဘောတူညီချက်အဖြစ် ပဋိညာဉ်ချမှတ်ထားသည့် NCA ကိုမဏ္ဍိုင်ပြုပြီး ပါဝင်မှသာ ရည်မှန်းချက်သို့ရောက်နိုင်မည်ဖြစ်သည်။
သို့မဟုတ်ပါမူ မည်သူ့ မည်သူမျှ အနိုင်၊ အရှုံးမရှိသည့် မဆုံးနိုင်သော ပဋိပက္ခသံသရာတွင် ကျင်လည်နေရမည်ကို အရှည်လျားဆုံး မြန်မာနိုင်ငံမှပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများက သက်သေပြလျက်ရှိသည်။ နိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းမှ သဘောကွဲလွဲမှုများတွင် ယုံကြည်ချက်၊ ခံယူချက်အကြောင်းသက်သက်တို့၌ စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် နှစ်ဖက်ပြေလည်မှုများရှိခဲ့ပါသည်။ သို့သော် ယုံကြည်ချက်ကိုလက်နက်ကိုင်စွဲကာ ဖြေရှင်းမည်ဟူသည့်ခံယူချက်ကိုင်စွဲထားခြင်းကြောင့် ယနေ့ထက်တိုင် မပြေလည်နိုင်အောင်ရှိနေပါသည်။
အနာဂတ်ဒီမိုကရေစီနိုင်ငံတွင် ဖြစ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားပြည်သူအားလုံး၏ လိုလားချက်၊ မျှော်လင့်ချက်ဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဖြင့် ဖြစ်မလာနိုင်သည်ကိုလည်း ပြည်သူအားလုံးက နားလည်ထားကြသည်။ အဓိကအချက်မှာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းသောနည်းဖြင့် မဖြေရှင်းဘဲလက်နက်ကိုင်နည်းဖြင့် ဖြေရှင်းနေသည်ကို ယနေ့ထက်တိုင် မြင်တွေ့နေ ရသောကြောင့်ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးသည် NCA ကို အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် NCA သို့သာ ဦးတည်ရမည်ဖြစ်ပြီး NCA လမ်းကြောင်းနှင့် လွဲချော်သွားနိုင်ရန်မှာလည်း မဖြစ်နိုင်ချေ။ NCA ကိုအခြေပြုသည့် လုပ်ငန်းစဉ်များသည် တိုင်းရင်းသားပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက်ဖြစ်သည်ကို သတိမူမိဖို့လိုပေသည်။ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များသည် NCA အရ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ဖက်ဒရယ်အခြေခံမူများရယူရေးကိစ္စများ၊ ၂၀၂၀ အလွန်နှင့် ၂၀၂၀ မတိုင်မီတွင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဆင့်လိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး ရလဒ်များကို ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများ ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်၏ ရည်မှန်းချက်သို့တက်လှမ်းရာတွင် ကနဦး အရေးအကြီးဆုံးအချက်မှာ NCA ဖြစ်သည်။ ဘုံသဘောတူညီချက်အဖြစ်ပဋိညာဉ်ချမှတ်ထားသည့် NCA ကို မဏ္ဍိုင်ပြု၍ မဖြစ်မနေတက်လှမ်း ကြရမည်ဖြစ်သည်။ သဘောတူညီထားသည့်အတိုင်း အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် ပြုလုပ်ကြရမည်ဖြစ်ပြီး NCA ကို မဏ္ဍိုင်ထား၍ နိုင်ငံငြိမ်းချမ်းရေးအတွက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဘုံသဘောတူညီချက်များချမှတ်ထားသည့် NCA တွင်ပူးပေါင်းပါဝင်ခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် ရှေးဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချောမွေ့လာမည်ဖြစ်ရာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်း သားပြည်သူများအကျိုးဖြစ်သည့် ဘုံသဘောထားကို ခံယူထားရမည်ဖြစ်ပါကြောင်း။ ။ ကြေးမုံ