မန္တလေး  ၉ စက်တင်ဘာ 

ရတနာပုံတက္ကသိုလ်ကို  ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်ကြေညာမည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြဌာန်းရေးဦးစီးကော်မတီမှ သိရသည်။

ယခုလိုဆောင်ရွက်ခြင်းသည် ဆေးလိပ်သောက်သုံးမှု အန္တရာယ်ကြောင့် နောင်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအတွက် ရောဂါဖြစ်ပွားစေခြင်းနှင့်  အသက်အန္တရာယ်များ မထိခိုက်စေရန် ကာကွယ်ရမည်ဖြစ်ကြောင်း၊  ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရှားရန်အတွက် လိုအပ်သော အသိပညာများ၊ ဗဟုသုတများတိုးပွားလာစေရန်၊  ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရှားခြင်းကြောင့် ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်သော လူမှုဘဝကိုပိုင်ဆိုင်နိုင်၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ချက် မူဝါဒများချမှတ်ဆောင်ရွက်ခြင်း ဖြစ်သည်။

"South-East Asia Tobacco Control Alliance (SEATCA) ဆိုတဲ့ အဖွဲ့အစည်းက မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဆေးလိပ်ငွေ့ကင်းစင်ဇုန် ဖြစ်ဖို့အတွက် ဖိတ်ခေါ်မှုအရ အဲဒီအဖွဲ့နဲ့ ပူးပေါင်းပြီး ဆရာမတို့တက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်အဖြစ် ကျိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်''ဟု ရတနာပုံတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြဌာန်းရေး ဦးစီးကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက  ပြောသည်။

ကျောင်းသား၊ ကျောင်းသားတွေ ကျန်းမာပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေဖို့အတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ ကော်မတီတွေဖွဲ့စည်းကာ၊ လုပ်ငန်းတာဝန်တွေခွဲဝေ ဆောင်ရွက်ခြင်းများ ဆောင်ရွက် နေကြောင်း သိရသည်။

ရတနာပုံ တက္ကသိုလ်အတွင်း ဆေးလိပ်မသောက်ရဇုန်တွေ သတ်မှတ်ခြင်း၊   ဈေးဆိုင်ခန်းများတွင် ဆေးလိပ်မရောင်းဖို့၊ ကျောင်းပတ်ဝန်းကျင် ပရဝုဏ်နဲ့ ပေ (၁၀ဝ) ပတ်လည်အတွင်းမှာ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာ စသည်တို့ကို ကင်းစင်ဖို့အတွက် စီမံချက်တွေချမှတ်ပြီး ဆောင်ရွက်နေကြောင်း သိရသည်။  

စီမံချက်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ စီမံချက်ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

"စီမံချက်ပြီးတဲ့အခါမှာ ရတနာပုံတက္ကသိုလ်ရဲ့ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အထိမ်းအမှတ်နေ့အဖြစ် စက်တင်ဘာ ၁၀ရက်နေ့ကို ရက်သတ်မှတ်ပြီးတော့ အခမ်းအနားနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်" ဟု ရတနာပုံတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြဌာန်းရေး ဦးစီးကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက  ပြောသည်။

ရတနာပုံတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေညာခြင်း အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊  စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်