လားရှိုး  ၉  စက်တင်ဘာ

မူဆယ်-လားရှိုး-မန္တလေး ရထားလမ်း ဖောက်လုပ်ပါက ဖြတ်သန်းသွားမည့် ရထားလမ်းပိုင်းရှိ လားရှိုးမြို့နယ် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

8134

 

အခမ်းအနားတွင် လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက အမှာစကားပြောကြားပြီး မြန်မာ့မီးရထား၊ ဒုအထွေထွေ မန်နေဂျာ(မြို့ပြ) ဦးဌေးလှိုင်က မီးရထားလမ်းပိုင်း၏ လုပ်ဆောင်လျှက်ရှိနေသည့် လုပ်ငန်းစဉ်များကို Projector ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

 

8179

 

ထို့နောက် မီးရထားလမ်းပိုင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်နိုင်မှုများ၊ ကာကွယ်လုပ်ဆောင် သွားရမည့် နည်းလမ်းများ အကြောင်းကို Ever Green Tech Environmental Service and Training Co,Ltd မှ ဒေါက်တာ ကျော်စွာတင့်က ရှင်းလင်းဆွေးနွေးခဲ့သည်။

မိမိတို့ကျေးရွာများ၏ နယ်နိမိတ်များတွင် ဖြတ်သန်းသွားမည့် မီးရထားလမ်းပိုင်း ဖြစ်ပေါ်လာပါက လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ လွယ်ကူလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သော်လည်း မီးရထားလမ်း ဖောက်လုပ်ရာ၌ တောင်သူတို့၏ လယ်ယာမြေများ၊ သစ်တောမြေများ၊ ရေအရင်းမြစ်များ၊ ယာဉ်တိုက်မှု အန္တရာယ်များ၊ လူနေအိမ်များ စသည်ဖြင့် အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုများကို မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည့် အကြောင်း အရာများ၊ နိုင်ငံ၏ သယံဇာတများကို သုံးစွဲရာတွင် ပြည်သူလူထုအတွက် မည်ကဲ့သို့ ပြန်လည်အကျိုးပြုမည့် လုပ်ငန်းစဉ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ မည်ကဲ့သို့ ဆောင်ရွက်ပေးမည့် အကြောင်းအရာများကို တက်ရောက်လာကြသော လားရှိုးမြို့နယ်ရှိ ခေးနင်း၊ မယ်ဟန်၊ ဟိုပိတ်၊ စံဖြတ်၊ ခါးသျှိ၊ လွယ်လမ့်၊ နမ့်ဟူး၊ ပန်ဟတ်၊ နောင်လိုင်၊ နောင်မွန်၊ နောင်လန်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာလူကြီးများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများက မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

မူဆယ်-လားရှိုး-မန္တလေးရထားလမ်းဖောက်လုပ်ပါကအရှည်(၄၁၄)ကီလိုမီတာ၊(၂၅၃)မိုင်ရှိမည်ဖြစ်ပြီး၊တံတားကြီးငယ်(၁၂၄)ခု၊ဥမင်(၆၀)ခု၊ဘူတာ(၃၆)ခုရထားလမ်းလွှဲ(၂၄)ခုပါဝင်မည်ဖြစ်သည်။လျှပ်စစ်ရထားအမျိုးအစားဖြစ်ပြီးတစ်နာရီမိုင်(၁၀ဝ)ပြေးဆွဲနိုင်ကြောင်းသိရပြီးလားရှိုးမြို့လယ်မှအနောက်မြောက်(၄.၂)မိုင်၌  ဘူတာရုံတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပြီးမြန်မာနိုင်ငံအတွင်းရှိမီးရထားလမ်းများအားလုံးနှင့်လည်းဆက်စပ်ဆက်သွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ဟန်ဌေး(လားရှိုး)