မြစ်ကြီးနား ၉ စက်တင်ဘာ  


ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း၊ ပြည်နယ်အခြေခံပညာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ကချင်ပြည်နယ် စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်ကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ပြိုင်ပွဲဝင် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပသည်။


ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယနေ့ ကျင်းပခဲ့သည့် ပွဲတော်သည် ကလေးများနှင့် လူငယ်တွေအတွက် စာအုပ်စာပေနှင့် ရင်းနှီးထိတွေ့စေပြီး ပွဲတော်တွင် ပါဝင်သည့် အစီအစဉ်တွေ၊ ပြိုင်ပွဲတွေနှင့်ကစားပွဲများသည် ကလေးများအတွက် ကာယဉာဏနှစ်မျိုးလုံးတွင် ထူးချွန်လာစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ကလေးများအတွက် သာမက မိဘတွေကိုပါ သားသမီးများအတွက် ကျောင်းစာတွင်သာမက အခြားလိုအပ်ချက်များကို မီးမောင်းထိုးပြပေးနိုင်ခဲ့ကြောင်းကို ယုံကြည်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကျင်းပပြုလုပ်ခဲ့သော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ စာဖတ်စွမ်းရည်၊ ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား/သူ များနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွဲတော်အတွင်း ကချင်ပြည်နယ် ဓာတ်ပုံအသင်းမှ ပြသထားသည့် ပြည်နယ်ရှုမျှော်ခင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓာတ်ပုံ ပြခန်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။


စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများအား စာပေရင်းနှီးပြီး စာဖတ်ရှုခြင် းအလေ့အထများ ဖြစ်ပေါ်လာစေရန် စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ပန်းချီ၊ ကျပန်းစကားပြော၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအပြင် ကလေးအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ဖြစ်ပေါ်စေသည့် ကစားနည်းပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်းနှင့် စာအုပ်/စာစောင်များကို ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


ပြည်နယ်ပြန်/ဆက်