အောင်လံ ၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ယခုနှစ် မိုးနှမ်းစိုက်ဧက ၅၉၈၁၅ ရှိသည့်အနက် ကျေးရွာ ၂၆ ရွာတွင် မိုးနှမ်း ၄၈၅၅.၈၈ ဧကအား GAP စနစ်ဖြင့် စိုက်ပျိုးလာခဲ့ကြပြီး GAP မိုးနှမ်း (စမုံနက်) ပျမ်းမျှတစ်ဧကလျှင်(၁၂)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ထို့အပြင် ဒေသထွက် GAP နှမ်းများကို ဂျပန်နှင့်တရုတ်နိုင်ငံများမှ အဝယ်လိုက်လာသဖြင့် သာမန်နှမ်းများထက် တစ်အိတ် (၄၅ပိဿာ)လျှင် ကျပ်တစ်သောင်းခန့် ပိုရသည့်အတွက် GAP စနစ်ဖြင့် စိုက်ပျိုးသော တောင်သူများ များစွာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။
ယင်း GAP စိုက်နည်းစနစ်အတွက် မြေပြင်ချိန်မှစတင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဂျပန်စိုက်ပျိုးရေး ပညာရှင်များနှင့်ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာခြင်း၊ သုတေသနပြုခြင်း တောင်သူပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြသဖြင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရခြင်းဖြစ်သည်။
ဂျပန်နှင့် တရုတ်ဝယ်လက်များက GAP နှမ်းနက်ကို အက်ဆစ်ဓာတ်ပါဝင်မှုကို AV Chacker ဖြင့် တိုင်းတာပြီး အက်ဆစ်ဓာတ်ပါဝင်မှု 2.5 FFA အထိ လက်ခံဝယ်ယူလျှက်ရှိကြောင်းနှင့် ယခုအခါ ပုံမှန်နှမ်းနက် တစ်အိတ်လျှင် ငွေကျပ် ၂၆၀ဝ၀ဝ ကျော်သာရှိသော်လည်း GAP နှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၇၂၀ဝ၀ နှုန်းအထိ ဈေးပေးကာ ဝယ်ယူလာကြ ကြောင်း မြို့နယ်ကုန်သည်ကြီးများ အသင်းမှ သိရသည်။
သိန်းလွင်(အောင်လံ)


