ပုသိမ်  ၉  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတာဝန်ခံ ဒါရိုက်တာရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီလူမင်းနှင့် အဖွဲ့ဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပသည်။ 

ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး တာဝန်ခံဒါရိုက်တာက “ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ရိုက်ကူးရာတွင် ဇာတ်ဝင်ခန်းတွင်ပါဝင်မည့် ရဲဘော်သုံးကျိပ်ဝင်ဇာတ်ဝင်ခန်းများ ရိုက်ကူးရန်သင့်တော်မည့်ငွေဆောင်၊ချောင်းသာစသည့် ဒေသတစ်ဝိုက်၌ ရိုက်ကွင်းနေရာများအတွက် လာရောက်လေ့လာကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ရိုက်ကူးပြီးပါက အဆိုပါနေရာအား (အောင်ဆန်း) ရုပ်ရှင်အထိမ်းအမှတ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနေရာအဖြစ် သတ်မှတ်ပေးနိုင်ပါရန်” ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က “ယခုကဲ့သို့ သမိုင်းဝင်မှတ်တမ်း ရုပ်ရှင်အား  မိမိတို့ တိုင်းဒေသကြီးအတွင်း လာရောက် ရိုက်ကူးခြင်း  အတွက် လှိုက်လှဲဝမ်းသာကြိုဆိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာ များက လည်း အတတ်နိုင်ဆုံးပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း”ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နှင့် ဌာနဆိုင်ရာများသည် စက်တင်ဘာ ၉ ရက်နေ့တွင် ငွေဆောင်ကမ်းခြေတဝိုက်နှင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတဝိုက်သို့ ဇာတ်ဝင်ခန်းများရိုက်ကူးရန် နေရာများအား လှည့်လည်ကြည့်ရှုမည် ဖြစ်ကြောင်းနှင့် ပွင့်လင်းရာသီတွင် ဇာတ်ဝင်ခန်းများ လာရောက် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ 

တိုင်းဒေသကြီး (ပြန်/ဆက်)