မုံရွာ ၉ စက်တင်ဘာ
မုံရွာမြို့နယ် ကျောက်စစ်ပုံမြောက် ကျေးရွာရှိ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင် ပါးလာသဖြင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်လတ်၏ ပြောကြားချက်အရ သိရသည်။
ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ အဆင်ဒီဇိုင်းဆန်းသစ်မှုမရှိခြင်းကြောင့် ကုန်ချောထည် ဈေးနှုန်းကျဆင်းခြင်း၊ အခြားအလုပ်ကိုင် များပေါများလာခြင်းတို့ကြောင့် လက်ရှိလုပ်ကိုင်လျက်ရှိသော ရက်ကန်းလုပ်ငန်းများကို ရပ်ဆိုင်းကာ အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
““ အရင်တုန်းကတော့ တစ်ရွာလုံးမှာ ရက်ကန်းခုံ ၅၀ဝကျော်ရှိတယ်၊ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ရက်ကန်းလုပ်ငန်းက လုပ်ကိုင်ရတာ တဖြည်းဖြည်းနဲ့ အဆင်မပြေဖြစ်လာတာ အခုတစ်ရွာလုံးမှာ ရက်ကန်းခုံ (၅၀)လောက်ပဲ ရက်တော့တယ်၊ ရက်ကန်းခုံအများကြီးနဲ့လုပ်တာ အရင်က ၁၀ ဦးကျော်ကနေ အခု (၂)ဦးပဲ ရှိတော့တယ်၊ အဓိက ကုန်ကြမ်းဈေးတက်ပြီး ကုန်ချောထည်တွေဈေးကျတာ၊ ဒီဇိုင်းဆန်းသစ်တဲ့ နိုင်ငံခြားက အစားထိုး အဝတ်အထည်တွေ ဝင်ရောက်လာတာလည်း ပါတဲ့အတွက် အခုဆိုလုပ်ငန်းက ရပ်သလောက်ဖြစ်နေပြီ တချို့တွေက ပန်းရံ၊ လက်သမားအလုပ်တွေ ပြောင်းလဲလုပ်ကိုင်ကြတာများလာတယ်၊ တကယ်လို့ ရက်ကန်းလုပ်ငန်း မလုပ်တော့ရင် မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းပဲပြန်လုပ်ရမှာပါ”” ဟု ကျောက်စစ်ပုံမြောက်ရွာမှရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ ကိုကြည်အေး ကပြောသည်။
ကျောက်စစ်ပုံမြောက်ကျေးရွာတွင် ရက်ကန်းလုပ်ငန်းကို လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) ကျော်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း အစပိုင်းတွင် ချည်စောင်၊ နှစ်ထပ်စောင်၊ ချည်ကြမ်းထည်၊ လက်သုတ်၊ သဘက်၊ ချည်ချော လုံချည်များလုပ်ကိုင်ခဲ့ရာ ၂၀၁၂ ခုနှစ်ခန့်တွင်အိန္ဒိယနိုင်ငံ၊ အိုက်ဇောထည်များ စတင်လုပ်ကိုင်ခဲ့ရာ လုပ်ငန်းများ ကောင်းမွန်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစတင်ပြီး နိုင်ငံခြားမှ ဒီဇိုင်းဆန်းသစ်သည့် အစားထိုးအထည်ဆန်းများ ဝင်ရောက်လာကာ ပြည်တွင်းထုတ်အထည်ဈေးနှုန်းများ ကျဆင်းလာခဲ့သဖြင့် ရက်ကန်းလုပ်ငန်းများတစ်ဖြေးဖြေး ရပ်ဆိုင်လာခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


