ဆင်ပေါင်ဝဲ ၉  စက်တင်ဘာ 

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအဖြစ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာ၌ ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့်လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ၄၀ဝ ကျပ်နှုန်းဖြင့် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

 

s112

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာအုပ်စု၊ လယ်မကျေးရွာတွင် အိမ်ခြေ ၅၈၂ အိမ်အနက် ၃၃၇ အိမ်နှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ကျန်းမာရေးဆေးပေးခန်း တစ်ခုတို့တွင် လျှစ်စစ်ဓာတ်အားကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။ 

 

s1212

 

စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၈၄၅၁၆ အကုန်အကျခံကာ တည်ဆောက်ထားသည့် လျှပ်စစ်ဓာတ်အားပေးစနစ်လုပ်ငန်း များ ၉၈ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ရာ စက်တင်ဘာလ ၉ ရက်နေ့က ကျေးရွာမီးလင်းရေး ကော်မတီဝင်များ၊ ဒေသခံများနှင့် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်တွေ့ဆုံ၍ ပိုမိုကောင်းမွန်သည့် လူနေမှုဘဝမြင့်မားလာစေရေးနှင့် လျှပ်စစ်မီး လွယ်ကူစွာ အသုံးပြုနိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ကျေးရွာအတွင်းလမ်းမီးတိုင် ၂၄၇ တိိုင်ခန့်ကို သွယ်တန်းပေးထားပြီး ကျေးရွာတစ်ရွာလုံး လျှပ်စစ်မီး အသုံးပြုမှုတွင် အနည်းဆုံး ၂၀ဝ ဝပ်မှ အများဆုံး ၆၀ဝ၀ ဝပ်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ယူဆောင်ရွက်သည့် မန္တလေးရိုးမကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အဆိုပါ ဆိုလာအသေးစားဓါတ်အားပေးစနစ်အား ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာ ပံ့ပိုးပေးပြီး မဟာဓာတ်အား လိုင်းပြင်ပ မျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP Off-grid)ဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၅၀ ကီလိုဝပ်၊ ဂျင်နရေတာ ၆၀ ကေဗွီအေ ဆိုလာ-ဒီဇယ်ပေါင်းစပ်စနစ် အမျိုးအစား ဆောင်ရွက်ထားခြင်းဖြစ်သည်။ 

"အခုလို လျှပ်စစ်မီး အချိန်ပြည့်အသုံးပြုနိုင်တဲ့အတွက် ကျေးရွာရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေ ယခင်ထက် ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး ကျန်တဲ့ မီးမလင်းသေးတဲ့ အိမ်တွေကိုလည်း မကြာခင်မှာ မီးရရှိအောင် ဆောင်ရွက်သွားမယ်လို့" အဆိုပါကျေးရွာနေ မီးလင်းရေးကော်မတီဝင် ဦးကျော်လွင်ကပြောသည်။  

သန်းလွင်(မကွေး)