၉ စက်တင်ဘာ
 

ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့ မိခင်တွေရှိကြမှာပါ။ ရိုးရိုးမွေးရင် နာမှာကြောက်လို့၊ ရိုးရိုးမွေးလို့မရလို့ဆိုပြီး ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့သူတွေရှိမှာပါ။ ကလေးမွေးတဲ့အချိန်မှာတော့ အားမစိုက်ရဘဲ သက်သက်သာသာ ကလေးမွေးသွားတယ်ဆိုပေမယ့် ခွဲမွေးပြီးချိန်မှာတော့ ခံစားရမယ့် ဝေဒနာတွေက အများကြီးပါ။ ချုပ်ရိုးကနာတာတစ်မျိုး၊ ခွဲထားလို့ဆီးမသွားနိုင်တာကတစ်မျိုး၊ ထုံဆေးကြောင့် ရတဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်မျိုးနဲ့ အမျိုးမျိုးခံစားရမှာပါ။ ဒီလို ဗိုက်ခွဲမွေးပြီးနောက်ပိုင်း ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခါးနာတာ အဆိုးဆုံးနဲ့ အဖြစ်အများဆုံးပါ။ ဒီဆောင်းပါးထဲမှာတော့ ဗိုက်ခွဲမွေးပြီးတဲ့သူတွေ ဘာကြောင့် ခါးနာရတာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးတော့မှာပါ။


ဗိုက်ခွဲမွေးပြီးနောက် ခါးနာတာ ဘာကြောင့် ဖြစ်ရတာလဲ။  


ဗိုက်ခွဲမွေးတယ်ဆိုရင် အသားပေါ်ဓားတင်တဲ့ အနာဒဏ်ကို ခံနိုင်ဖို့အတွက် ခါးဆစ်ရိုးထဲကို ထုံဆေးပေးလေ့ ရှိကြပါတယ်။ ထုံဆေးအပ်ဟာ အသား၊ ကြွက်သား၊ ခါးဆစ်ရိုးအရွတ်နဲ့ အာရုံကြောတို့ကို ဖြတ်ပြီး သွားရတာကြောင့် ထုံဆေးအာနိသင်ပြနေတဲ့အချိန်တော့ ဘာမှမသိပေမယ့် ထုံဆေးပြယ်သွားတဲ့အခါမှာတော့ ဆေးထိုးထားတဲ့ဒဏ်ကြောင့် ခါးနာလာရတာဖြစ်ပါတယ်။


နောက်ဖြစ်နိုင်တာတစ်ခုကတော့ ထုံဆေးကို ခါးဆစ်ရိုးထဲ ထိုးလိုက်တဲ့အချိန်မှာ ခါးဆစ်ရိုးထဲမှာရှိတဲ့ cerebrospinal fluid တွေ နည်းနည်းယိုစိမ့်မှုဖြစ်သွားလို့ ခါးနာတာ၊ ခေါင်းကိုက်တာနဲ့ ဇက်နာတာတွေ ခံစားရတတ်ပါတယ်။


ဗိုက်ခွဲမွေးပြီး ဘယ်လောက်အကြာမှာ ခါးစနာလာရတာလဲ ။ ။


ထုံဆေးပြယ်သွားတဲ့အချိန်ဖြစ်တဲ့ ခွဲမွေးပြီး ၃ နာရီ- ၆ နာရီ လောက်မှာ ခါးစနာလာတတ်ပါတယ်။ cerebrospinal fluid ယိုစိမ့်သွားလို့ ဖြစ်ရတဲ့ ခေါင်းကိုက်တာ၊ ဇက်နာတာတွေက ခွဲမွေးပြီး ၁၂ နာရီအကြာ (ဒါမှမဟုတ်) ၃ ရက်ကနေ ၅ ရက်လောက်အကြာမှာ ဖြစ်တတ်ပါတယ်။


ဗိုက်ခွဲမွေးပြီးနောက် ခါးနာတဲ့ ခံစားမှုဟာ ဘယ်လောက်ကြာတတ်သလဲ ။ ။


အများအားဖြင့်တော့ ရက်အနည်းငယ်လောက်အကြာမှာ သက်သာသွားတတ်ပါတယ်။ တချို့ ကံမကောင်းလို့ လနဲ့ချီ ရှိနေတဲ့ သူတွေမှာတော့ blood patch လို့ခေါ်တဲ့ ကုသမှုကို ခံယူရတတ်ပါတယ်။ blood patch ဆိုတာ သင့်ကိုယ်တွင်းက သွေးကိုယူပြီး ထုံဆေးထိုးတဲ့နေရာမှာ ပြန်ထိုးပေးလိုက်တာဖြစ်ပါတယ်။ ဒီ blood patch ဟာ ခါးနာတာကို ချက်ချင်းပျောက်သွားအောင်လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။


ဗိုက်ခွဲမွေးပြီးနောက် ခါးနာတာဟာ ဘယ်နေရာတွေမှာ ပိုဖြစ်တာလဲ ။ ။


ထုံဆေးထိုးလိုက်တဲ့နေရာဖြစ်တဲ့ ခါးအောက်ပိုင်း ခါးဆစ်ရိုးနားလောက်မှာ ခါးနာတာဖြစ်တတ်ပါတယ်။


ဒါဆို ပုံမှန်ခါးနာတာ မဟုတ်ဘဲ ဒီလို ဗိုက်ခွဲမွေးပြီးလို့ နာတဲ့ ခါးကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။ ။


ရေနွေးစိမ်ရေချိုးပါ ။ ။


တစ်ကိုယ်လုံးက အကြောအချဉ်တွေကို ပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းသွားစေတဲ့နေရာမှာ ရေနွေးလောက်ကောင်းတဲ့ အရာမရှိတော့ပါဘူး။ အခုလို ခွဲမွေးပြီးနောက် နာနေတဲ့ ခါးသက်သာစေဖို့အတွက် သူက ပိုလို့တောင် ကောင်းသေးတာပေါ့။ ရေနွေးထဲကို ဆားရည်လေးထည့်ပြီး စိမ်လိုက်ရင် သင်ခံစားနေရတဲ့ ခါးနာတဲ့ဝေဒနာ ယူပစ်လိုက်သလို ပျောက်သွားဖို့ အာမခံပါတယ်။


အပေါ့စား လေ့ကျင့်ခန်းလုပ်ပါ။


လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဘယ်အချိန်လောက်ဆို လေ့ကျင့်ခန်း လုပ်လို့ရပြီလဲဆိုတာ မေးကြည့်ပါ။ မပြင်းထန်တဲ့ အပေါ့စားလေ့ကျင့်ခန်းတွေဖြစ်တဲ့ ယောဂ လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ Pilates လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။


အပူ အအေးနဲ့ ကုသကြည့်ပါ။


ခါးနာနေတဲ့ နေရာကို ရေနွေးအိတ်၊ ရေခဲအိတ်ကပ်ပေးခြင်းအားဖြင့် နာနေတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး ခါးနာနေတာ သက်သာသွားစေမှာပါ။


ရေးသားသူ - Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”