၉ စက်တင်ဘာ
ပြောရမယ်ဆို အရေပြားဆိုတာ ပြဿနာများစွာရှိနေနိုင်တဲ့ နေရာတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့ အပြင်ဘက်ဆုံး အပိုင်းလည်းဖြစ်၊ ပတ်ဝန်းကျင်က လေထုတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာလည်းဖြစ်တယ်လေ။ ပြီးတော့ အရေပြားပေါ်မှာ မွှေးညှင်းပေါက်လေးတွေ မွှေးညှင်းနုလေးတွေ အများကြီးရှိတော့ ပိုးမွားတွေ ရောဂါတွေအတွက် တောခိုစရာ နေရာဖြစ်နေတော့တာပေါ့။
ဖြစ်လိုက်တဲ့ အရေပြားပြဿနာတွေကလည်း စုံလို့။ မှိုရောဂါဖြစ်လိုက်၊ အင်ပြင်ထလိုက်၊ ယားနာတွေဖြစ်လိုက်၊ အရည်ကြည်ဖုတွေ ဖြစ်လိုက်နဲ့ စုံနေတာပဲ။ ဒီဆောင်းပါးထဲမှာ ပြောချင်တဲ့ အကြောင်းအရာကတော့ အရည်ကြည်ဖုတွေဖြစ်ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။
အရည်ဖုလေးတွေပေါက်ပြီး အရေပြားနီရဲရခြင်း အကြောင်းအရင်းများ။
(၁)ရေကျောက်
ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီရေကျောက်ပြဿနာဟာ လေထဲကနေကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားပေါ်မှာ အရည်ကြည်ဖုတွေပေါက်ခြင်းဟာ သူ့ရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ဝေဒနာခံစားနေရသူရဲ့ အရည်ကြည်ဖုပေါ်က အရည်တွေနဲ့ ထိတွေ့မိရာကလည်း ကူးစက်နိုင်တဲ့ရောဂါတစ်ခုပါ။
(၂) Shingles (herpes zoster) ဆင်ရေယုန်
ရေယုန် ရောဂါအပြင်စားတစ်မျိုးဖြစ်ပြီး ရေကျောက်ကိုဖြစ်စေတဲ့ ဗိုင်းရပ်ရဲ့ မျိုးစိတ်ကွဲတစ်ခုကြောင့် ဖြစ်ရတဲ့ ပြဿနာတစ်ခုပါ။ စစချင်းလက္ခဏာတွေကတော့ အရေပြားမှာ စပ်ဖျင်းဖျင်းဖြစ်တာ၊ ယားယံတာနဲ့ ကိုယ်လက်ကိုက်ခဲ နုန်းခွေတာတွေဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်က အာရုံကြောတွေအတွင်း စခန်းချတာကြောင့် ဗိုင်းရပ်စ်ရှိနေတဲ့ အာရုံကြောသွားတဲ့ အရေပြားနေရာတွေမှာ အရည်ကြည်ဖုတွေ ပေါက်တတ်ပါတယ်။ ထွက်လာတဲ့ အရည်တွေကနေတစ်ဆင့် အခြားနေရာတွေကို ပြန့်သွားတတ်သလို အခြာသူတစ်ယောက်ဆီကိုလည်း ကူးစက်သွားနိုင်ပါတယ်။
(၃) Rhus dermatitis
တချို့အပင်တွေမှာပါတဲ့ အစေး poison ivy, poison oak, and poison sumac နဲ့ ထိတွေ့မိတဲ့ အရေပြားလောင်တာကို Rhus dermatitis လို့ခေါ်ပါတယ်။ မြင်သာအောင် ပြောရရင် သရက်သီး အစေးလောင်သလိုပဲပေါ့။ အဲဒီ လောင်စေတတ်တဲ့ အစေးထိတွေ့တဲ့နေရာမှာ အရေပြားရဲ့ တုန့်ပြန်မှု အနေနဲ့ အရည်ကြည်ဖုလေးတွေကိ ုတွေ့နိုင်ပါတယ်။
(၄) လိင်အင်္ဂါရေယုန်
herpes simplex virus 2 ကြောင့်ဖြစ်တဲ့ ဒီ လိင်အင်္ဂါရေယုန်ဟာ စစချင်းမှာတော့ ယားယံတဲ့ အရည်ဖုလေး အဆင့်လောက်ပဲ ရှိသေးပေမယ့် နောက်ပိုင်း သေချာမကုသရင် အနာတွေဖြစ်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ လိင်အင်္ဂါပတ်လည်မှာဖြစ်တတ်တာကြောင့် လိင်ဆက်ဆံရာကတစ်ဆင့် အခြားတစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။
(၅) Dyshidrotic eczema (နှင်းခူ)
နှင်းခူရောဂါတစ်မျိုးဖြစ်တဲ့ Dyshidrotic eczema ဟာ အရည်ကြည်ဖုလေးတွေပြင်လိုက်ရှိတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်နဲ့ လက်တွေမှာ အတွေ့များပါတယ်။ ခုခံအားကျဆင်းနေတဲ့သူနဲ့ အခြား နှင်းခူအမျိုးအစားရှိတဲ့သူတွေမှာ အတွေ့များတတ်ပါတယ်။
(၆) ဝဲ
သေးငယ်တဲ့ ပိုးမွှားတွေ အရေပြားအောက်ဝင်ရာကနေဖြစ်တဲ့ အဖြစ်များတဲ့အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ် အရည်ကြည်ဖုတွေ ပေါက်နေတတ်ပြီး ယားလွန်းလို့ တစ်ချိန်လုံး ကုတ်နေရတတ်ပါတယ်။ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို အတွင်းခံတွေကနေ တစ်ဆင့်၊ ဝဲပေါက်နေတဲ့ နေရာနဲ့ ထိတွေ့မိရာကနေတစ်ဆင့် ကူးစက်သွားနိုင်ပါတယ်။
(၇)Impetigo ( အနာစက်)
ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားအပေါ်ဆုံးအပိုင်းကို အရည်ကြည်ဖု လေးတွေ၊ အဖုသေးသေးလေးတွေ ပေါက်စေပါတယ်။ မျက်နှာနဲ့ ခြေလက်တွေမှာ အတွေ့များပြီး ထိလိုက်ရင် နာနေတတ်ပါတယ်။
(၈) ပွေး။
အရည်ကြည်ဖုလေးတွေလည်းဖြစ်နေတယ် ယားလည်းယားနေမယ် အရေပြားပေါ်မှာလည်း ဖြစ်နေတယ်ဆိုရင် ပွေးကိုချန်ထားလို့တော့ မရဘူးနော်။
ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”