နေပြည်တော် ၉ စက်တင်ဘာ
ပြည်သူ့ဘဏ္ဍာငွေများအား စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်နှင့် ပြည်သူ့ဘဏ္ဍာများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဝန်ကြီးဌာနတွင်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဌာနများတွင် ဘဏ္ဍာရန်ပုံငွေကိစ္စရပ်သည် အရေးပါသကဲ့သို့ ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ စနစ်တကျ နည်းလမ်းမှန်ကန်စွာ သုံးစွဲရေးမှာ အရေးကြီးကြောင်း၊ ရန်ပုံငွေသုံးစွဲရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အရ အသုံး ခန့်မှန်းခြေငွေစာရင်းများ ပြုစုခြင်း၊ ဘဏ္ဍာငွေများတောင်းခံခြင်းနှင့် အကျိုးရှိ ထိရောက်စွာ သုံးစွဲခြင်းများကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးပြည်နယ်များရှိ ဌာနခွဲများအလိုက် ဘဏ္ဍာငွေအရ အသုံး စာရင်းများ၊ ငွေစာရင်း MD Account များ ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ယခုသင်ကြားမှုများကို မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်တွေ့ ဆောင်ရွက်သွားကြရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် သင်တန်းက အထောက်အကူများစွာ ရရှိကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေကို ချွေချွေ တာတာ စည်းကမ်းတကျ မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန်အတွက် သင်ယူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက MSDP နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင် ရွက်သွားမည့်အစီအစဉ်၊ တာဝန်ခံအရာရှိများအား ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံ သင်တန်းများ ဆက်လက်သင်ကြားသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကိုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ကျွမ်းကျင်ပညာရှင်များက စက်တင်ဘာ ၁၃ ရက်အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
(သတင်းစဉ်)
