ရန်ကုန် ၉ စက်တင်ဘာ
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ’’ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို အပြည့်အဝဖြန့်ဖြူးပေးနိုင်ရန်အတွက် (၃)နှစ်တာကာလအတွင်း ဓာတ်အားခွဲရုံများ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခဲ့ပါကြောင်း၊ အသစ်တည်ဆောက်ခဲ့သည့် ဓာတ်အားခွဲရုံများသည် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ (၉)ရုံ၊ တပ်ဆင်အင်အား (၄၁၀) အမ်ဗွီအေ၊ ၆၆ ကေဗွီ AIS ဓာတ်အားခွဲရုံ (၅)ရုံ၊ တပ်ဆင်အင်အား (၁၈၀) အမ်ဗွီအေ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၁၄)ရုံ၊ တပ်ဆင်အင်အား (၈၅) အမ်ဗွီအေ အသစ် တည်ဆောက်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း ၆၆ ကေဗွီ ဓာတ်အားလိုင်း (၄၈ ဒသမ ၂၆ )မိုင်၊ ၃၃ ကေဗွီ Insulate Cable ဓာတ်အားလိုင်း (၃၅ ဒသမ ၃၆ )မိုင်၊ ၁၁ ကေဗွီ Insulate Cable ဓာတ်အားလိုင်း (၃၇၄ ဒသမ ၉၈ )မိုင်၊ ဝ ဒသမ ၄ ကေဗွီ Insulate Cable ဓာတ်အား လိုင်း (၂၉၆ ဒသမ ၁၉ )မိုင်၊လမ်းမီး Insulate Cable ဓာတ်အားလိုင်း (၃၂ ဒသမ ၉၇ )မိုင် ဓာတ်အားလိုင်းများကို အသစ်တည်ဆောက်ခဲ့ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမီးလင်းရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၃၃/၁၁ ကေဗွီ ခွဲရုံ ခုနစ်ရုံ၊ ထရန်စဖော်မာ အလုံး ၂၁၀၊ လိုင်း ၅၇ဒသမ၁၁၀ မိုင်၊ ၁၁ ကေဗွီလိုင်း ၂၅၀ ဒသမ ၉၇၀ မိုင်၊ ၄၀ဝ ဗွီလိုင်း ၂၄၇ဒသမ၁၃၀ မိုင် တည်ဆောက် သွားမည်ဖြစ် ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၃၃/၁၁ ကေဗွီ ခွဲရုံ ရှစ်ရုံ၊ ထရန်စဖော်မာ ၁၅၂ လုံး၊ ၃၃ ကေဗွီလိုင်း ၄၁ဒသမ၇ မိုင်၊ ၁၁ ကေဗွီလိုင်း ၃၂၀ဒသမ၈၀၃ မိုင်၊ ၄၀ဝ ဗွီလိုင်း ၁၃၄ဒသမ၅၄၁ မိုင် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ၃၁/၁၁ ကေဗွီရုံ ၁၁ ရုံ၊ ထရန်စဖော်မာ ၄၀၃ လုံး၊ ၃၃ ကေဗွီလိုင်း ၃၈ဒသမဝ၃၀ မိုင်၊ ၁၁ ကေဗွီလိုင်း ၇၇၁ဒသမ၄၆၈ မိုင်၊ ၄၀ဝ ဗွီလိုင်း ၃၄၉ဒသမ၁၁၀ မိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် မီးလင်းနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ၃၂ ဒသမ ၅၈၅ ဘီလီယံ၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ၄၅ ဒသမ ၄၆၉ ဘီလီယံ နှင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ၃၁ ဒသမ ၅ ဘီလီယံ သုံးစွဲသွား မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ခရိုင်လေးခရိုင်အတွင်းရှိ မြို့နယ် များတွင် လမ်းမီးအလင်းရောင်ရရှိရန် လမ်းမီးလုံးများတပ်ဆင်ခြင်း၊ လမ်းမီးဓာတ်အား လိုင်းများ ပြေးဆွဲခြင်း၊ ထရန်စဖော်မာများ တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)


